ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တရုတ်ဥပဒေသစ် နိုင်ငံပြင်ပရှိ လူပုဂ္ဂိုလ်များကိုပါ အရေးယူရန် ထည့်သွင်းပြဋ္ဌာန်း

June 26, 2026

တရုတ်နိုင်ငံတွင် အသစ်ပြဋ္ဌာန်းလိုက်သည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဥပဒေသစ်ကို ချိုးဖောက်လျှင် နိုင်ငံပြင်ပတွင် ရှိနေသူများကိုပါ ပစ်မှတ်ထားအရေးယူပိုင်ခွင့်ရှိကြောင်း တရုတ်အစိုးရအဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားလိုက်သည်။

ယင်းမှာ နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီကာ တရားဝင်ပြီး မဖြစ်မနေ လိုအပ်သည့် လုပ်ဆောင်ချက်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒီပြဋ္ဌာန်းချက်ဟာ တရုတ်နိုင်ငံလုံးဆိုင်ရာ အခြေအနေကို အခြေခံပြဋ္ဌာန်းထားတာပါ။ ဥပဒေကြောင်းအရလည်း မှန်ကန်သလို နိုင်ငံတကာလုပ်ထုံးလုပ်နည်းတွေနဲ့လည်း ကိုက်ညီပါတယ်။ ဒီပြဋ္ဌာန်းချက်ဟာ တရားဥပဒေနဲ့အညီဖြစ်ပြီး တရားဝင်မှုရှိသလို လိုလည်းလိုအပ်ပါတယ်။ လက်တွေ့လည်း လုပ်လို့ရတဲ့ ဥပဒေပြဋ္ဌာန်းချက် တစ်ခုဖြစ်ပါတယ်” ဟု တရုတ်တရားရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဟူဝေလီက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

တိဘက်နှင့် ဝီဂါလူမျိုးများအပါအဝင် တရုတ်နိုင်ငံအတွင်းရှိ တိုင်းရင်းသားလူနည်းစု ၅၅ မျိုးအကြား ဘုံအမျိုးသားရေး လက္ခဏာတစ်ရပ် ဖော်ဆောင်ရန် ယင်းဥပဒေသစ်ကို တရုတ်အစိုးရက ယခုနှစ် မတ်လတွင် အတည်ပြုပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံတွင် တိုင်းရင်းသားလူနည်းစုအချို့မှာ တရုတ်အုပ်ချုပ်မှုအပေါ် မကျေမနပ်ဖြစ်နေကြပြီး နှစ်ပေါင်းများစွာ အတွင်း ဆန္ဒပြမှုများ မကြာခဏပြုလုပ်ခဲ့ကြကာ အကြမ်းဖက်မှုများအထိ ဖြစ်ပွားခဲ့သည်။

ယင်းဥပဒေသစ်သည် ယခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် စတင်အာဏာအသက်ဝင်မည် ဖြစ်သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံနယ်နိမိတ်ပြင်ပရှိ လူပုဂ္ဂိုလ်များနှင့်အဖွဲ့အစည်းများသည် “တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနှင့် တိုးတက်မှုကို ထိခိုက်စေခြင်း သို့မဟုတ် တိုင်းရင်းသားလူမျိုးစုများအကြား သွေးကွဲစေရန် လှုံ့ဆော်ခြင်း” တို့အတွက် ဥပဒေကြောင်းအရ တာဝန်ရှိစေရမည်ဟူသော ပြဋ္ဌာန်းချက်တစ်ခု ယင်းဥပဒေသစ်တွင် ပါဝင်သည်။

ယင်းပြဋ္ဌာန်းချက်သည် တရုတ်က ၎င်း၏ ပိုင်နက်အဖြစ် အခိုင်အမာပြောဆိုထားသည့် ထိုင်ဝမ်တွင် စိုးရိမ်မှု မြင့်တက်စေခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။

ခွဲထွက်ရေးသမားများအဖြစ် တရုတ်အစိုးရက ရှုမြင်ထားသည့် ထိုင်ဝမ်ကျွန်းသားများကို အရေးယူရန် ဥပဒေကြောင်းအရ အခြေခံအကြောင်းပြချက် ရရှိသွားစေမည်ဖြစ်ကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။

တရုတ်တရားရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဟူဝေလီကမူ “ကမ္ဘာတဝှမ်းက နိုင်ငံတွေဟာ ခွဲထွက်ရေးနဲ့ အဖျက်အမှောင့် လုပ်ရပ်တွေကို တားဆီးဖို့ အခွင့်အရေးရှိပါတယ်။ ပြီးတော့ လူမှုသွေးစည်းညီညွတ်မှုနဲ့ ငြိမ်ဝပ်ပိပြားမှုကို ပြည်တွင်းဥပဒေကနေတစ်ဆင့် ထိန်းသိမ်းဖို့ အခွင့်အရေး ရှိပါတယ်” ဟု ပြောဆိုထားသည်။

Source: Reuters