တနင်္သာရီမြို့နယ်၊ မောတောင်မြို့ကို စစ်အာဏာရှင်တပ်က လေကြောင်းဖြင့် နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများထံမှ သိရသည်။
ယနေ့ (ဧပြီ ၂၆) နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် စစ်အာဏာရှင်တပ်က မောတောင်မြို့၊ အမှတ် (၁) ရွာကို ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
မောတောင်မြို့ တိုးဂိတ်အနီးရှိ KNU စစ်ဆေးရေးဂိတ်ကို စစ်အာဏာရှင်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ နေအိမ်အချို့ ထိမှန်ခဲ့ပြီး ဆီအုန်းပင်များလည်း ပျက်စီးသွားကြောင်း ၎င်းက ဆိုသည်။
“လူတွေတော့ ထိခိုက်မှုမရှိဘူး။ ဂိတ်ကိုလာချတာ။ (ဗုံး)တစ်လုံးကြဲပြီး ပွိုင့်ဖိုက် (.5) နဲ့လည်း ပစ်သွားတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။
ထို့ပြင် မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်နှင့် ၁၂ နာရီ ၅၅ မိနစ်တို့တွင်လည်း စစ်အာဏာရှင်တပ်က မောတောင်မြို့၊ အမှတ် (၉) ရွာကို ဂျက်ဖိုက်တာ လေယာဉ်များဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“နှစ်သုတ်တက်တာ။ တစ်သုတ်မှာ နှစ်စီးပါတယ်။ စုစုပေါင်းဆို လေးစီး၊ နှစ်ကြိမ်တက်တာပေါ့။ ရှေ့ဆင့်နောက်ဆင့်ပဲ တက်နေတာ။ အမှတ် (၁) နဲ့ (၉) ကို ကြဲသွားတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။



စစ်အာဏာရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အမှတ် (၉) ရွာရှိ လူနေအိမ်များ ပျက်စီးသွားသော်လည်း အရေအတွက်ကိုမူ အတည်မပြုနိုင်သေးကြောင်းနှင့် လူထိခိုက်မှုမရှိကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
အမှတ် (၁) ရွာနှင့် အမှတ် (၉) ရွာတို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို တိုက်ပွဲဖြစ်ပွားနေသည့် ဧရိယာနှင့်လည်း ဝေးကွာကြောင်း ဒေသခံများက ဆိုသည်။
စစ်အာဏာရှင်တပ်သည် မောတောင်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် တနင်္သာရီ-မောတောင် လမ်းပိုင်းရှိ သဲဖြူရွာသို့ အင်အားအများအပြား ဖြည့်တင်း၍ စစ်ကြောင်းထိုးနေကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။







