ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးခက်မြို့ ပါတွန်ကမ်းခြေတွင် ပင်လယ်ရေအရောင်သည် အနက်ရောင်သို့ ပြောင်းလဲနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ဇွန်လ ၂၄ ရက်နေ့က ပါတွန်ကမ်းခြေတစ်လျှောက် ပင်လယ်ရေများ အနက်ရောင်သို့ ပြောင်းလဲနေသည်မှာ ရေဆိုးရေညစ်များကြောင့် ဖြစ်နိုင်သဖြင့် ပြည်သူများက စိုးရိမ်ထိတ်လန့်နေကြပြီး အမြန်ဆုံး စစ်ဆေးပေးရန် တောင်းဆိုခဲ့ကြသည်။
ပင်လယ်ရေများကို ဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးရာ ရေဆိုးရေညစ်များကြောင့် မဟုတ်ဘဲ သဘာဝအလျောက် ဖြစ်ပေါ်တတ်သော ရေမျောသက်ရှိများ ဖြစ်ပေါ်သည့် ရာသီဖြစ်သော Plankton Bloom ဖြစ်စဉ်ကြောင့်ဖြစ်ကြောင်း ဖူးခက်စည်ပင်သာယာရေးဌာနက ထုတ်ပြန်သည်။
Plankton Bloom ဖြစ်စဉ်ဆိုသည်မှာ ပင်လယ်ကမ်းခြေများတွင် အလွန်သေးငယ်သော ပင်လယ်ရေနေသတ္တဝါနှင့် ရေညှိများကြောင့် ဖြစ်ပေါ်လာသည့် သဘာဝအလျောက် ဖြစ်စဉ်ဖြစ်ပြီး ပင်လယ်အရောင်ကို အစိမ်းရောင်၊ အညိုရောင်နှင့် အနက်ရောင်သို့ ပြောင်းလဲစေတတ်ကြောင်း သိရသည်။


ယင်းဖြစ်စဉ်သည် ထိုင်းတောင်ပိုင်း ပင်လယ်များတွင် တစ်နှစ်လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ဖြစ်ပေါ်လေ့ရှိပြီး သုံးရက်မှ ၇ ရက်အထိ ကြာလေ့ရှိကြောင်း သိရသည်။
ယင်းဖြစ်စဉ်ကြောင့် ပါတွန်ကမ်းခြေသည် အနက်ရောင်သို့ ပြောင်းလဲနေခြင်းဖြစ်ပြီး ပြည်သူများ အရေပြားယားယံမှု ဖြစ်ပေါ်နိုင်သဖြင့် မူလအခြေအနေသို့ မရောက်မီ ရေမကူးကြရန် သတိပေးထားသည်။
Ref: Thai Enquirer, Phuket Times







