ဗင်နီဇွဲလားနိုင်ငံ၌ ဇွန်လ ၂၄ ရက် မွန်းလွဲပိုင်းတွင် အင်အားပြင်းငလျင်များ လှုပ်ခတ်ခဲ့ရာ သေဆုံးသူ အနည်းဆုံး တစ်သောင်းမှ တစ်သိန်း အထိ ရှိနိုင်ကြောင်း အမေရိကန်ဘူမိဗေဒလေ့လာရေးအဖွဲ့ (USGS)က ကနဦး ခန့်မှန်းတွက်ချက်ထားသည်။
ငလျင်ဒဏ်ကြောင့် မြို့တော်ကာရာကပ်စ်ရှိ အဆောက်အအုံများ ပြိုကျပျက်စီးခဲ့ပြီး လူအများအပြား အပျက်အစီးများအောက်တွင် ပိတ်မိနေခဲ့ကာ ထိခိုက်သေဆုံးသူအမြောက်အများနှင့် ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးဆုံးရှုံးမှုများ ရှိလာနိုင်ကြောင်း သိပ္ပံပညာရှင်များက သတိပေးလိုက်သည်။
ကာရာကပ်စ်မြို့၏ အနောက်ဘက် မိုင် ၁၀၀ ခန့်အကွာကို ဗဟိုပြု၍ ပြင်းအား ၇ ဒသမ ၂ အဆင့်ရှိ ငလျင်လှုတ်ခတ်ပြီး တစ်မိနစ်ပင်မပြည့်မီ ပမာဏ ၇ဒသမ ၅ အဆင့်ရှိ နောက်ဆက်တွဲငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
ကာရာကပ်စ်မြို့၊ ဘာရူတာခရိုင်တွင် အဆောက်အအုံနှစ်ခု ပြိုကျမှုကြောင့် လူသုံးဦး သေဆုံးခဲ့ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးက လူမှုကွန်ရက်စာမျက်နှာတွင် ပြောကြားထားသည်။








ကာရာကပ်စ်မြို့၊ ချာကာအိုခရိုင်တွင် လူတစ်ဦး သေဆုံးခဲ့ပြီး အဆောက်အအုံလေးခု လုံးဝပြိုကျပျက်စီးသွားခဲ့ကြောင်း အဆိုပါ ခရိုင်အုပ်ချုပ်ရေးမှူး ဂူစတာဗို ဒူကေးက သတင်းထောက်များကို ပြောကြားခဲ့သည်။
လူနာ ၂၂ ဦးကိုလည်း ဆေးရုံသို့ ပို့ဆောင်ထားပြီးဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေဆဲ ဖြစ်သည်။
ဂျပန်နိုင်ငံ အရှေ့မြောက်ဘက် ကမ်းရိုးတန်းတွင် ယနေ့ ကြာသပတေးနေ့က ပြင်းအား ၆ ဒသမ ၉ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့သေးသည်။
ထိခိုက်ဒဏ်ရာရရှိမှုသတင်းများ ချက်ချင်းထွက်ပေါ်လာခြင်း မရှိကြောင်းနှင့် ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်း မရှိကြောင်း တာဝန်ရှိသူများက ပြောသည်။
အဏုမြူစက်ရုံများတွင်လည်း ပုံမှန်မဟုတ်သည့် အခြေအနေ တစ်စုံတစ်ရာ မတွေ့ရှိရကြောင်း တာဝန်ရှိသူများက ဆိုသည်။
Source: Reuters






