ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တက္ကသိုလ်ဝင်တန်း အောင်စာရင်း ဇွန် ၂၈ ရက် ကြေညာမည်

June 25, 2026

ပုံစာ - တနင်္သာရီမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ကြည့်နေကြစဥ် ။

၂၀၂၅ – ၂၀၂၆ ပညာသင်နှစ် ၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲ နှင့် ၂၀၂၆ ခုနှစ် စက်မှု ၊ စိုက်ပျိုးရေး ၊ မွေးမြူရေး တက္ကသိုလ်ဝင်အောင်စာရင်း များကို ဇွန်လ ၂၈ ရက်တွင် ကြေညာမည်ဖြစ်ကြောင်း စစ်အစိုးရလက်အောက်ခံ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်သည် ။

အောင်စာရင်း ကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ၏ ဝက်ဘ်ဆိုက် www.myanmarexam.org နှင့် ခုံအမှတ်ဖြင့် တိုက်ရိုက် ရှာဖွေကြည့်နိုင်သည့် result.dme.gov.mm တို့တွင်လည်း ဇွန်လ ၂၈ ရက် နံနက်တွင် ကြည့်နိုင်မည်ဖြစ်သည် ။

ယင်းအပြင် ဝေးလံ၍ အင်တာနက် ကောင်းစွာမရသည့် ဒေသများမှ စာစစ်ဌာနများ၏အောင်စာရင်းကိုမူ မြန်မာ့အသံ ရေဒီယို မှ တစ်ဆင့်ကြေညာပေးမည်ဟု ဖော်ပြသည် ။

တနင်္သာရီတိုင်းတွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုရန် စာရင်းသွင်းထားသူ ၆၃၂၃ ဦးရှိပြီး လာရောက်ဖြေဆိုသူ ၅၉၉၁ ရှိကာ ပျက်ကွက်သူ ၃၃၂ ဦးရှိကြောင်း စစ်အစိုးရ ပြန်ကြားရေးဌာန ၏ မှတ်တမ်း၌ ဖော်ပြသည်။

အာဏာမသိမ်းမီက တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင်တန်းဝင်ရောက်‌ဖြေဆိုသူ နှစ်စဉ် သောင်းဂဏန်းအထိရှိ‌ပြီး ကိုဗစ်ရောဂါစတင်ဖြစ်ပွားသည့် ၂၀၂၀ ခုနှစ်တွင် နှစ်သောင်းကျော်ရှိခဲ့သည်။

၂၀၂၁ ခုနှစ်တွင်မူ ကိုဗစ်နှင့် အာဏာသိမ်းမှုကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနိုင်ခြင်း မရှိတော့ပေ။

၂၀၂၂ ခုနှစ်တွင် ပြန်လည်ကျင်းပသည့် စာမေးပွဲတွင်မူ တနင်္သာရီတိုင်းတွင် ဝင်ရောက်ဖြေဆိုသူ လေးထောင်ကျော် (၄၃၅၉ ဦး) သာ ရှိသည်။

၂၀၂၃ ခုနှစ်တွင် တက္ကသိုလ်ဝင်စာ‌မေးပွဲကို စနစ်ဟောင်းနှင့် စနစ်သစ် (၁၂ တန်းပညာရေး) ဟု ပြောင်းလဲဖြေဆိုစေခဲ့ရာ နှစ်ခုစလုံးပေါင်း ဝင်ရောက်ဖြေဆိုသူ လေးထောင်နီးပါ (၃၉၀၇ ဦး) ရှိခဲ့သည်။

၂၀၂၄ ခုနှစ်တွင်မူ ထက်ဝက်ခန့် လျော့ကျသွားခဲ့ပြီး စာမေးပွဲဖြေဆိုသူ နှစ်ထောင်ကျော် (၂၆၃၅ ဦး) သာ ကျန်တော့သည်။

၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်မှ စတင်ကာ Grade 12 စာမေးပွဲကို အခြေခံပပညာအဆင့်၏ အမြင့်ဆုံး တက္ကသိုလ်ဝင်တန်းစာမေးပွဲအဖြစ် စတင်ပြောင်းလဲကျင်းပခဲ့သည်။

ယင်းနောက် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တနင်္သာရီတိုင်းက ဖြေဆိုသူ ၄၅၄၁ ဦးရှိခဲ့သည်။

ဖြေဆိုသူ ၄၅၄၁ ဦးရှိသည့်အနက် အောင်မြင်သူ ၂၂၉၇ ဦးရှိသဖြင့် အောင်စာရင်းတွင် တနင်္သာရီတိုင်းက အောင်ချက်ရာခိုင်နှုန်း ၅၀ ဒသမ ၅၈ ဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ် ၅ ချိတ်ခဲ့ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။

၂၀၂၆ ခုနှစ် တွင် စတင်ကျင်းပသည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲတွင်မူ တင်္နသာရီတိုင်းက ဝင်ရောက်ဖြေဆိုသူ ကျောင်းသား ၂၉ ဦး ၊ ကျောင်းသူ ၉ ဦး စုစုပေါင်း ၃၈ ဦးရှိကြောင်း စစ်အစိုးရပြန်ကြားရေးဌာန၏ မှတ်တမ်းအရ သိရသည်။

စစ်အုပ်စုလက်အောက်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းကာ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး တွဲဖက်သင်ကြားမည့် အခြေခံပညာ အထက်တန်းကျောင်းများ ကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။

အလယ်တန်းဆင့်(Grade -9) ပြီးမြောက် အောင်မြင်ကြသည့်ကျောင်းသား ကျောင်းသူများသည် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရပ်များကို သင်ယူနိုင်သည် ။

အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း များအဖြစ် ထားဝယ်ခရိုင်တွင် အထက ၄ ထားဝယ်တွင်လည်းကောင်း ၊ မြိတ်ခရိုင်အတွက် အထက သမုတ် ၊ အထက အောက်လိပ် တွင် လည်းကောင်း ၊ ကော့သောင်းခရိုင်တွင် အထက ၂ ကော့သောင်း တွင်လည်းကောင်း တွဲဖက်ဖွင့်လှစ်ထားသည် ။

အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းမှ စိုက်ပျိုးရေးအတတ်ပညာ သုံးနှစ် သင်တန်းအောင်မြင်ပါက စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ၊ အစိုးရစက်မှုလက်မှုသိပ္ပံ ပထမနှစ်သင်တန်းများသို့ တက်ရောက်ခွင့် ရမည်ဖြစ်သည်။

အထူးအောင်မြင်ပါက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပထမနှစ်တွင် တက်ခွင့်ရမည်ဖြစ်သည်။

မွေးမြူရေးအတတ်ပညာ သုံးနှစ်သင်တန်းအောင်မြင်ပါက စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ၊ ငါးလုပ်ငန်းသိပ္ပံ ပထမနှစ်သင်တန်းများသို့လည်းကောင်း၊ အထူးအောင်မြင်ပါက မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်ပထမနှစ်သို့လည်းကောင်း တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။