၂၀၂၆ ကမ္ဘာ့ဖလားကန်မယ့် ဘောလုံးတွေမှာ ကွင်းထဲမချခင် ဖုန်းတွေ၊ လက်ပ်တော့တွေလိုမျိုး Plug ထိုးပြီး ဘက်ထရီ အားသွင်းရမယ့်စနစ် ပါဝင်လာခဲ့ပါပြီ။
ကမ္ဘာ့ဖလားသမိုင်းမှာ အလှည့်အပြောင်းတစ်ခုဖြစ်လာတဲ့ ဒီ Smart ဘောလုံးရဲ့ နည်းပညာ အချက်အလက်တွေကို အချက်အလက်တွေနဲ့ တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။
၁။ ပွဲမစခင် အားသွင်းရမယ်: ဘောလုံးထဲမှာ High-tech အာရုံခံဆင်ဆာ တပ်ဆင်ထားတဲ့အတွက် ကွင်းထဲယူမသွားခင် ဘောလုံးကို အရင်ဆုံး အားသွင်းပလပ်ပေါက် (Plug) မှာ ထိုးပြီး ဘက်ထရီ အားအပြည့် သွင်းရပါလိမ့်မယ်။
၂။ ထိသမျှ စောင့်ကြည့်မယ့် ဆင်ဆာ: ဘောလုံးထဲမှာ ကစားသမားတစ်ဦးချင်းစီ ဘောလုံးကို ထိလိုက်၊ ကန်လိုက်တိုင်းမှာ ဘောလုံးရဲ့ တည်နေရာ အတိအကျကို စက္ကန့်အလိုက် ခြေရာခံမယ့်ဆင်ဆာတစ်ခု ပါရှိပါသေးတယ်။
၃။ ပိုမိုကောင်းမွန်လာတဲ့ ပုံစံသစ်: ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားတုန်းကတော့ ဒီဆင်ဆာကို ဘောလုံးရဲ့ အလယ်ခေါင်မှာ ကြိုးမျှင်လေးတွေနဲ့ ချိတ်ဆွဲပြီး တပ်ဆင်ပေးခဲ့တာပါ။ ဒါပေမဲ့ အခု ၂၀၂၆ မှာတော့ အဆင့်မြှင့်တင်လိုက်ပါပြီ။ ဘောလုံးရဲ့ အပြင်ဘက် Panel ချပ်ပြားတွေထဲမှာ တစ်ခါတည်းပဲ တစ်သားတည်းဖြစ်အောင် ထည့်သွင်း တည်ဆောက်ပေးထားပါတယ်။
၄။ ကွင်းတွင်း ကင်မရာတွေနဲ့ ချိတ်ဆက်ထားတဲ့ဘောလုံး: ကွင်းပတ်ပတ်လည်မှာ တပ်ဆင်ထားတဲ့ အထူးစောင့်ကြည့်ကင်မရာ ၁၂ လုံးနဲ့ ဘောလုံးထဲက ဆင်ဆာဒေတာတွေကို တစ်ပြိုင်နက် ချိတ်ဆက်ထားမှာ ဖြစ်ပါတယ်။ ဒီစနစ်ဟာ ဘောလုံးရဲ့ တည်နေရာနဲ့ ကစားသမားတစ်ဦးချင်းစီရဲ့ လှုပ်ရှားမှုကို ၁ စက္ကန့်မှာ “အကြိမ် ၅၀” နှုန်းအထိ တိတိကျကျ ခြေရာခံနေမှာပါ။
၅။ VAR နဲ့ တိုက်ရိုက်ချိတ်ဆက်ပေးထားတယ်: ဘောလုံးဆီကရတဲ့ အချက်အလက် Data တွေကို ဗီဒီယိုအကူဒိုင် VAR အဖွဲ့ဆီ အချိန်နဲ့တပြေးညီ တိုက်ရိုက် Live ပေးပို့နေမှာဖြစ်ပြီး ဒါကတစ်ဆင့် ဂိုးစည်းကျော်၊ မကျော် စစ်ဆေးတဲ့နည်းပညာ (Goal-line technology) နဲ့ လူကျွံဘောတွေကို စက္ကန့်ပိုင်းအတွင်း တိတိကျကျ ဆုံးဖြတ်ဖို့ အသုံးပြုသွားမှာ ဖြစ်ပါတယ်။
၆။ ပေါ့ပါးပြီး အကြမ်းခံတဲ့ ဘက်ထရီ: ဘောလုံးထဲက နည်းပညာ မြှုပ်နှံထားတဲ့ ဆင်ဆာဟာ အရမ်းပဲ ပေါ့ပါးတဲ့အတွက် ကစားသမားတွေ ကန်တဲ့အခါ ဘာမှ ထူးခြားမှုကို ခံစားရမှာ မဟုတ်ပါဘူး။ ဒါ့အပြင် ဘောလုံးထဲက ဘက်ထရီ သက်တမ်းဟာ ပွဲကစားချိန်တစ်ခုလုံးစာအတွက် လုံလောက်တဲ့ “၆ နာရီ” အထိ အသုံးခံပါတယ်။







