အဏုမြူစီမံကိန်းဆိုင်ရာ စစ်ဆေးမှုများကို အကန့်အသတ်မရှိ ခွင့်ပြုရန် အီရန်ဘက်က သဘောတူညီခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သော်လည်း အီရန်ဘက်ကမူ ယင်းသို့ လိုက်လျောခဲ့ခြင်းမရှိကြောင်း တုံ့ပြန်သည်။
ထို့ကြောင့် နှစ်နိုင်ငံကြား အပစ်ရပ်သဘောတူညီချက် တည်တံ့ရေးအလားအလာအပေါ် မေးခွန်းထုတ်မှု မြင့်တက်လာသည်။
ဆွစ်ဇာလန်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် အမေရိကန်နှင့် အီရန်အကြား စစ်ပွဲအဆုံးသတ်ရေး ပထမအကျော့ ဆွေးနွေးမှုများ တနင်္လာနေ့က ပြီးဆုံးခဲ့ရာ ဆွေးနွေးပွဲရလဒ်နှင့်ပတ်သက်၍ နှစ်နိုင်ငံစလုံးက မတူညီသည့် ကြေညာချက်များ ထုတ်ပြန်ခဲ့ သည်။
အပစ်ရပ်သဘောတူညီချက် မူဘောင်၌ အီရန်၏ အဏုမြူစီမံကိန်းအပေါ် မည်သည့်ကန့်သတ်ချက်မျှ သတ်မှတ်ထားခြင်း မရှိသေးဘဲ ယင်းကိစ္စရပ်နှင့်ပတ်သက်၍ ရက် ၆၀ အတွင်း ဆက်လက်ကိုင်တွယ် ဆွေးနွေးသွားရန် လျာထားသည်။
အီရန်အနေဖြင့် ၎င်းတို့၏ ပျက်စီးသွားသော အဏုမြူစခန်းများသို့ နိုင်ငံတကာစစ်ဆေးရေးမှူးများကို အကန့်အသတ်မရှိ ဝင်ရောက်စစ်ဆေးခွင့်ပြုရန် သဘောတူညီခဲ့ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဇွန်လ ၂၃ ရက်တွင် အခိုင်အမာ ပြောကြားခဲ့သည်။
အီရန်ဘက်ကမူ အမေရိကန်နှင့် ဆွေးနွေးပွဲများတွင် ၎င်းတို့၏ အဏုမြူစီမံကိန်းနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ခြင်းမရှိကြောင်း ငြင်းဆိုထားသည်။
နိုင်ငံအတွင်းသို့ နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) မှ စစ်ဆေးရေးမှူးများကို ဖိတ်ခေါ်ရန်လည်း သဘောတူညီ ခဲ့ခြင်း မရှိကြောင်းလည်း အီရန်ဘက်က ငြင်းဆိုထားသည်။
ပြည်ပတွင် ပိတ်ဆို့ခံထားရသည့် ဘဏ္ဍာငွေများကို အီရန်အား ပြန်လည်သုံးစွဲခွင့်ပေးမည့် အချက်နှင့် ပတ်သက်၍လည်း အမေရိကန်နှင့် အီရန်အကြား သဘောထားကွဲလွဲခဲ့ကြကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။
လက်ဘနွန်နိုင်ငံအတွင်း အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့ကို အစ္စရေး၏ တိုက်ခိုက်မှုများကလည်း အမေရိကန်နှင့် အီရန်အကြား အဓိကသဘောထားကွဲလွဲဖွယ်ရာ အချက်တစ်ချက်အဖြစ် ရှိနေဆဲ ဖြစ်သည်။
အပစ်ရပ်သဘောတူညီချက်အရ အစ္စရေးအနေဖြင့် ၎င်း၏တပ်ဖွဲ့များကို လက်ဘနွန်နိုင်ငံအတွင်းမှ ရုပ်သိမ်းပေးရန် လိုအပ်ကြောင်း အီရန်ဘက်က ဆိုသည်။
သို့ရာတွင် အစ္စရေးဘက်ကမူ လက်ဘနွန်တောင်ပိုင်းတွင် လုံခြုံရေးဇုန်တစ်ခုကို ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်ပြီး အစ္စရေးစစ်သည်များနှင့် နိုင်ငံသားများအပေါ် ကျရောက်လာမည့် ခြိမ်းခြောက်မှုများကို ဆက်လက်ဖယ်ရှားသွားမည်ဟု ပြောဆိုထားသည်။
အင်္ဂါနေ့ကပင် လက်ဘနွန်တောင်ပိုင်း၌ အစ္စရေး၏ ပစ်ခတ်မှုကြောင့် လူနှစ်ဦး သေဆုံးခဲ့ကြောင်း လက်ဘနွန် ပြည်သူ့ ကာကွယ်ရေးအဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ရာ ယင်းလုပ်ရပ်ကြောင့် အပစ်အခတ်ရပ်စဲရေးကို အစ္စရေးက ချိုးဖောက်နေသည်ဟု အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့က စွပ်စွဲအပြစ်တင်ခဲ့သည်။
Source: Reuters







