ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းသို့ တရားမဝင်လာသော မြန်မာများ တင်လာသည့်ကား တိမ်းမှောက်၊ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာပြင်း

June 24, 2026

Ref: CH 7, Khaosod, Phetchaburi News

ထိုင်းနိုင်ငံ ဖက်ချ်ဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာနိုင်ငံသားများကို တင်ဆောင်လာ သည့် ကားသည် ဓာတ်တိုင်ကို ဝင်တိုက်ပြီးတိမ်းမှောက်ရာ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာပြင်းထန်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဇွန်လ ၂၃ ရက် ည ၉ နာရီခန့်က ဖက်ချ်ဘူရီခရိုင် ထာ့ယမ်ဒေသ ဖက်ကစန်အဝေးပြေးလမ်းမပေါ်တွင် ကားတစ်စီးသည် အရှိန်မထိန်းနိုင်တော့ဘဲ လမ်းဘေးဓါတ်တိုင်ကို ဝင်တိုက်ခဲ့ပြီးနောက် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

ကားကို မြန်မာနိုင်ငံသား ကားသမားက မောင်းနှင်လာပြီး ကားသမားအပါအဝင် မြန်မာနိုင်ငံသား ၁၇ ဦး လိုက်ပါလာကြောင်း ဖော်ပြသည်။

မြန်မာအမျိုးသမီးတစ်ဦးသည် ကားထဲတွင် ညှပ်၍ သေဆုံးနေသဖြင့် ကယ်ဆယ်ရေးအဖွဲ့များက ဖြတ်စက်များကို အသုံးပြု၍ ထုတ်ယူခဲ့ရကြောင်း ဖော်ပြသည်။

နောက်ထပ် မြန်မာနိုင်ငံသား နှစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သဖြင့် နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဆိုသည်။

ကားမှောက်ပြီးနောက် ကျန်သော မြန်မာနိုင်ငံသား ၁၄ ဦးသည် လမ်းဘေးတောအုပ်ထဲသို့ ထွက်ပြေးသွားခဲ့သဖြင့် ရဲတပ်ဖွဲ့က နောက်က လိုက်လံဖမ်းဆီးရာမှ မြန်မာနိုင်ငံသား ငါးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြသည်။

ကားသမားအပါအဝင် ကျန်မြန်မာနိုင်ငံသား ကိုးဦးမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း ဆိုသည်။

မြန်မာနိုင်ငံသားများသည် ဘုရားသုံးဆူ နယ်စပ်မှတစ်ဆင့် စန်ခရာဘူရီဒေသထဲသို့ တရားမဝင် ဝင်လာပြီး မလေးရှားအထိ သွားရန် ရည်ရွယ်ထားကြကြောင်း ဖော်ပြသည်။

ကားမောင်းသမားသည် ကားမောင်းနေစဉ် အိပ်ငိုက်သဖြင့် အရှိန်မထိန်းနိုင်ဘဲ ဓာတ်တိုင်ကို ဝင်တိုက်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ကနဦး သုံးသပ်ထားသည်။

လက်ရှိတွင် ထွက်ပြေးလွတ်မြောက်နေသော မြန်မာနိုင်ငံသားများကို ဖမ်းဆီးနိုင်ရန် ရှာဖွေနေဆဲဖြစ်ပြီး လူမှောင်ခိုပို့ဆောင်မှုနှင့် ဆက်စပ်သူများကို ဆက်လက်စုံစမ်းအရေးယူမည်ဖြစ်ကြောင်း ဖော်ပြသည်။

Ref: CH 7, Khaosod, Phetchaburi News