ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြန်မာစစ်ခေါင်းဆောင်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး သွားတွေ့သည့်အပေါ် ထိုင်းလူ့အခွင့်အရေးအဖွဲ့များ ရှုတ်ချ

April 24, 2026

ပုံစာ - ဧပြီလ ၂၂ ရက်က ထိုင်းနိုင်ငံခြားရေးဝန်ကြီး နှင့် မြန်မာစစ်ခေါင်းဆောင်တို့ နေပြည်တော်တွင် တွေ့ဆုံစဉ်။

မြန်မာစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးက သွားရောက်တွေ့ဆုံခဲ့သည့်အပေါ် ထိုင်းလူ့အခွင့်အရေးအဖွဲ့များက ရှုတ်ချကြောင်း ယနေ့တွင် ထုတ်ပြန်သည်။

မြန်မာနိုင်ငံအတွင်း ပြည်သူများအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေသူနှင့် သွားတွေ့ခဲ့သည့် ထိုင်းအစိုးရအဖွဲ့ကို ရှုတ်ချကြောင်း ထိုင်းလူ့အခွင့်အရေးအဖွဲ့များဖြစ်သည့် Thai Action Committee for Democracy in Burma (TACDB) ၊ Asian Cultural Forum on Development (ACFOD) ၊ Union for Civil Liberty ၊ Popular Democracy Committee နှင့် Working Group for World Peace အဖွဲ့တို့က ထုတ်ပြန်သည်။

နိုင်ငံတကာ အသိအမှတ်မပြုထားသည့် ရွေးကောက်ပွဲမှတစ်ဆင့် အသွင်ပြောင်း သမ္မတဖြစ်လာသော ဦးမင်းအောင်လှိုင်ကို မြန်မာနိုင်ငံခေါင်းဆောင်အနေဖြင့် အသိအမှတ်ပြုပြီး ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow က သွားရောက်တွေ့ဆုံခဲ့ခြင်းကို ပြစ်တင်ရှုတ်ချကြောင်း ဆိုသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow က နေပြည်တော်သို့ လာပြီး မြန်မာစစ်ခေါင်းဆောင်နှင့် ဧပြီလ ၂၂ ရက်တွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာ စောင့်ရှောက်ထားပြီး အကောင်းဘက်ကို စဉ်းစားထားသည်ဟု မြန်မာစစ်ခေါင်းဆောင်က ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို ပြောဆိုခဲ့ကြောင်း REUTERS သတင်းတွင် ဖော်ပြသည်။

ယင်းတွေ့ဆုံမှုသည် မြန်မာပြည်သူများကို စစ်ရာဇဝတ်မှု ကျူးလွန်နေသူကို ထိုင်းအစိုးရအနေဖြင့် အသိအမှတ်ပြု လက်ခံသည်ကို ပြသနေခြင်းဖြစ်ကြောင်း ထောက်ပြထားသည်။

ယင်းသို့ တွေ့ဆုံခဲ့ခြင်းက ထိုင်းအစိုးရတွင် ဂုဏ်သိက္ခာမရှိမှု၊ ကိုယ်ချင်းစာတရား ကင်းမဲ့မှု၊ တရားဥပဒေစိုးမိုးရေး ကင်းမဲ့မှုနှင့် လူ့အခွင့်အရေးစည်းမျဉ်းစည်းကမ်းများကို မလိုက်နာမှုကို ပြသနေခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့ကြောင့် ထိုင်းအစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတကာဥပဒေများနှင့် လူ့အခွင့်အရေး စည်းမျဉ်း စည်းကမ်း များကို လေးစားလိုက်နာရန်၊ အိမ်နီးချင်း မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံရာတွင် နိုင်ငံခြားရေးမူဝါဒများထဲ လူသားချင်းစာနာ ထောက်ထားမှုကို ထည့်သွင်းစဉ်းစားရန် လူ့အခွင့်အရေးအဖွဲ့များက တိုက်တွန်းထားသည်။