ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဘန်ကောက်တွင် မြန်မာလင်မယား စကားများရန်ဖြစ်ပြီး ဓားဖြင့်ထိုး၍ အမျိုးသမီးသေဆုံး

June 23, 2026

Ref: Daily News, MGR online

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး စမွတ်ပရကန်ခရိုင်တွင် မြန်မာလင်မယားအချင်းချင်း စကားများ ရန်ဖြစ်ပြီးနောက် အမျိုးသားက အမျိုးသမီးကို ဓါးဖြင့် ထိုးသတ်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဇွန်လ ၂၂ ရက်၊ ည ၁၀ နာရီခန့်က ဖပဒဲဒေသ၊ ဘန်ဖိုင်နေရာရှိ အလုပ်သမားတန်းလျားတွင် မြန်မာနိုင်ငံသားအချင်းချင်း ဓါးထိုးလူသတ်မှု ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

မြန်မာဇနီးမောင်နှံနှစ်ဦးသည် အခန်းတွင်း အတူရှိနေစဉ် စကားများ ရန်ဖြစ်ခဲ့ပြီးနောက် အမျိုးသားဖြစ်သူ ကိုဘိုဘိုအောင်က အမျိုးသမီးဖြစ်သူ မခင်သန္ဒာအောင်ကို ဓါးဖြင့် အချက်ရေများစွာ ထိုးသတ်ခဲ့ခြင်းဖြစ်သည်။ အမျိုးသမီးဖြစ်သူမှာ ဓါးဒဏ်ရာ အချက် ၂၀ ကျော်ဖြင့် နေရာတွင်ပင် သေဆုံးနေသည်ကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ရသည်။

လူသတ်မှု ကျူးလွန်ပြီးနောက် အမျိုးသားဖြစ်သူက ထွက်ပြေးခြင်းမရှိဘဲ အသာတကြည် အဖမ်းခံခဲ့ကာ၊ လူသတ်မှုကျူးလွန်ခဲ့သော ဓါးကိုလည်း သက်သေအဖြစ် သိမ်းဆည်းခဲ့ကြောင်း ဖော်ပြထားသည်။

၎င်းတို့လင်မယားနှစ်ဦးတွင် ကလေးရှိသော်လည်း အမျိုးသမီးက အိမ်မှထွက်သွားပြီး အခြားတစ်ဦးနှင့် သွားနေမည်ဟု ဆိုသဖြင့် စကားများ ရန်ဖြစ်ရာမှ လူသတ်မှုအထိ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသား၏ ဝန်ခံချက်ကို ဖော်ပြသည်။

လက်ရှိတွင် ကိုဘိုဘိုအောင်ကို စမ်လွန်းတိုင်ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး လူသတ်မှုဖြင့် ကနဦး အမှုဖွင့်ထားကြောင်း သိရသည်။

Ref: Daily News, MGR online