ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ချွန်ဘူရီတွင် ရွှေဆိုင်မှ ရွှေဆွဲကြိုးခိုးယူမှုဖြင့် ကိုယ်ဝန်ဆောင် မြန်မာအမျိုးသမီး ဖမ်းဆီးခံရ

June 23, 2026

Ref: The Pattaya News, Thairath, CH 7

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ စီရာချာဒေသရှိ ရွှေဆိုင်တစ်ဆိုင်တွင် ရွှေဆွဲကြိုးအတုဖြင့် လဲလှယ်ခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် မြန်မာအမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဇွန်လ ၂၂ ရက်၊ ညနေ ၄ နာရီခန့်က ပါ့လွမ်ဈေးအတွင်းရှိ ဘွန်ချိုင်းယာဝရတ်ရွှေဆိုင်တွင် ဈေးဝယ်သူတစ်ဦးကို ရွှေအစစ်ပြသစဉ် ရွှေအတုဖြင့် လဲလှယ်ခဲ့သည်ဟု တိုင်ကြားချက် ရရှိခဲ့ခြင်းဖြစ်သည်။

အသက် ၃၄ နှစ်အရွယ် မြန်မာအမျိုးသမီးသည် ဝယ်ယူသူအနေဖြင့် ရွှေဆိုင်အတွင်းသို့ ဝင်လာပြီး ရွှေဆွဲကြိုးတစ်ကုံးကို ခေတ္တယူကြည့်ခဲ့ပြီးနောက် ပြန်ပေးကာ ထွက်သွားခဲ့ကြောင်း ဆိုင်ပိုင်ရှင်က ပြောသည်။

ခေတ္တအကြာတွင် အဆိုပါ အမျိုးသမီးသည် ရွှေဆိုင်အတွင်းသို့ ထပ်မံဝင်လာပြီး ကနဦးကြည့်ရှုခဲ့သော ရွှေဆွဲကြိုးကိုပင် ထပ်မံကိုင်တွယ်ကြည့်ရှုခဲ့ကြောင်း သိရသည်။ သုံးမိနစ်ခန့်အကြာတွင် အပြင်ဘက်၌ ငွေသွားထုတ်ပြီး ပြန်လာဝယ်မည်ဟုဆိုကာ ရွှေဆွဲကြိုးကို ဆိုင်ရှင်ထံ ပြန်ပေးခဲ့သည်။

ထိုအချိန်တွင် ဆိုင်ရှင်က ပြန်လည်ရရှိခဲ့သော ရွှေဆွဲကြိုးကို စစ်ဆေးကြည့်ရာ မူလရွှေဆွဲကြိုးနှင့် ကွဲလွဲနေသည်ကို သတိပြုမိခဲ့သည်။ ထို့နောက် မြန်မာအမျိုးသမီး ဆိုင်အပြင်ဘက်သို့ မထွက်ခွာမီ ပြန်လည်ခေါ်ယူကာ အိတ်ကို စစ်ဆေးကြည့်ရာ ပြသခဲ့သည့် ရွှေဆွဲကြိုးအစစ်ကို တွေ့ရှိရသဖြင့် ဆိုင်ရှင်က ချက်ချင်းတံခါးပိတ်ပြီး ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ မြန်မာအမျိုးသမီးကို စစ်ဆေးရာ ကိုယ်ဝန် ၇ လ ရှိနေသည်ကို သိရှိရပြီး၊ ဈေးထဲမှ ရွှေဆွဲကြိုးအတုကို ဘတ် ၁၀၀ ဖြင့် ဝယ်ယူကာ လဲလှယ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်။ ရဲတပ်ဖွဲ့က မြန်မာအမျိုးသမီးကို ဘော်ဝင်းရဲစခန်းသို့ ပို့ဆောင်ပြီး ခိုးယူရန် ကြိုးပမ်းမှုဖြင့် အရေးယူထားကြောင်း သတင်းတွင် ဖော်ပြသည်။

Ref: The Pattaya News, Thairath, CH 7