ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မက္ကဆီကိုဂျာစီဝတ် ဘဲကလေးကို မက္ကဆီကိုသမ္မတ ဖိတ်ကြားတွေ့ဆုံ

June 23, 2026

မက္ကဆီကိုအသင်းရဲ့ ဂျာစီအသေးလေးကို ဝတ်ဆင်ထားပြီး လမ်းတကာ လျှောက်သွားနေလို့ အင်တာနက်ပေါ်မှာ ရေပန်းစားနေတဲ့ ဘဲကလေး မာလင်ကို မက္ကဆီကိုသမ္မတ ကလော်ဒီယာ ရှိန်းဘန်းက အမျိုးသားနန်းတော်မှာ ခေါ်ယူတွေ့ဆုံပြီး ဝန်ကြီးတွေထိုင်တဲ့နေရာမှာတောင် ပေးထိုင်လိုက်ပါတယ်။

မက္ကဆီကိုသမ္မတ ကလော်ဒီယာ ရှိန်းဘန်းဟာ ဘဲကလေး မာလင်ကို ကမ္ဘာ့ဖလားရဲ့ တရားဝင်မဟုတ်တဲ့ လာဘ်ကောင်အဖြစ်ပါ သတ်မှတ်ပေးလိုက်ပါတယ်။

လူချစ်လူခင် အရမ်းများနေတဲ့ အိမ်မွေးဘဲကလေး မာလင်ကို ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်၊ တနင်္လာနေ့က မက္ကဆီကိုစီးတီးမှာရှိတဲ့ အမျိုးသားနန်းတော်ဆီ မက္ကဆီကိုသမ္မတ ကလော်ဒီယာ ရှိန်းဘန်းက ခေါ်ယူတွေ့ဆုံလိုက်တာ ဖြစ်တယ်လို့ Reuters က ရေးသားထားပါတယ်။

အသက် နှစ်နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘဲကလေး မာလင်ဟာ သမ္မတရဲ့ ပုံမှန်နံနက်ခင်း သတင်းစာရှင်းလင်းပွဲဆီကို ပိုင်ရှင်ဖြစ်သူ ကာလာ ဂိုးမက်ဇ်၊ ဂိုးမက်ဇ်ရဲ့ သားနှစ်ယောက်တို့နဲ့အတူ တက်ရောက်ခွင့်ရခဲ့တာပါ။

အစိမ်းရောင် မက္ကဆီကိုအသင်းဂျာစီနဲ့ ဖီဖာနက်ကတိုင်အသေးလေးကို ဝတ်ဆင်ထားတဲ့ ဘဲကလေး မာလင်ဟာ ဝန်ကြီးတွေနဲ့ အရာရှိတွေ ပုံမှန်ထိုင်လေ့ရှိတဲ့ နေရာမှာ ဝင်ထိုင်ပြီး သမ္မတ ရောက်လာချိန်မှာ ‘ကွက်ကွက်’ နဲ့ အော်မြည်ပြလိုက်ပါသေးတယ်။

မာလင်ရဲ့ ပိုင်ရှင်ဖြစ်သူ ဂိုးမင်ဇ်ဟာ လမ်းဘေးမှာ အအေးနဲ့ ရေပုလင်းရောင်းချသူပါ။ ဂိုးမက်ဇ်က “သမ္မတကြီးနဲ့ အတူရှိနေရတာကို ကျွန်မတို့ တကယ့်ပဲ ဂုဏ်ယူမိပါတယ်။ သမ္မတကြီးရဲ့ ရှေ့မှောက်မှာ မတ်တပ်ရပ်ခွင့်ရပြီး တစ်ကမ္ဘာလုံးက မက္ကဆီကိုရဲ့ လှပတဲ့ အလှည့်အပြောင်းကို မြင်တွေ့နေချိန်မှာ မာလင်ကြောင့် ကျွန်မတို့က အစိတ်အပိုင်းတစ်ရပ်ဖြစ်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်”လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

မာလင်ရဲ့ ကျော်ကြားမှုဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက် ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်မှာ ပူးတွဲအိမ်ရှင် မက္ကဆီကိုအသင်းက တောင်အာဖရိကကို နှစ်ဂိုး ဂိုးမရှိ နဲ့ နိုင်ပြီးတဲ့နောက် လမ်းပေါ်မှာ အောင်ပွဲခံကြရာကနေ စတင်ခဲ့တာပါ။ အဲ့ဒီတုန်းက ဝတ်စုံပြည့်ဝတ်ထားတဲ့ ဒီဘဲကလေးကို မြို့တော်ရဲ့ စည်ကားလှတဲ့ ရီဖော်မာရိပ်သာလမ်းပေါ်က လူအုပ်ကြီးကြားထဲ လမ်းလျှောက်နေတာကို တွေ့ရှိခဲ့ကြရာကနေ ကမ္ဘာ့ဖလားရဲ့ ကြယ်ပွင့်ဖြစ်သွားခဲ့တာပါ။

ပိုင်ရှင်ဖြစ်သူ ဂိုးမက်ဇ်က မာလင်ဟာ သူ့ရဲ့ လမ်းဘေးအအေးဆိုင်လုပ်ငန်းမှာ Boss တစ်ယောက်လို နေထိုင်တာဖြစ်ပြီး သာမန်နေ့တွေမှာ အဆင်ပြေတဲ့ အစားအသောက်ကို စားပေမယ့် တနင်္ဂနွေနေ့တွေမှာတော့ ကာနီတာ့စ် ဝက်သားတာကိုးကို ကျွေးမှပဲ အစားစားတယ်လို့ ပြောပြပါတယ်။

မာလင်ကို ဖောက်သည်တစ်ဦးက လက်ဆောင်ပေးခဲ့တာဖြစ်ပြီး လမ်းလျှောက်ရတာကို အရမ်းကြိုက်နှစ်သက်တာကြောင့် သူ့ရဲ့ခြေဖဝါးလေးတွေကို ကာကွယ်ဖို့အတွက် ဖိနပ်လေးတွေကို အမြဲတမ်း ဝတ်ဆင်ပေးထားရပါတယ်လို့လည်း ဂိုးမက်ဇ်က ရှင်းပြခဲ့ပါတယ်။

သမ္မတ ရှိန်းဘန်းက မာလင်နဲ့ သူ့ရဲ့မိသားစုကို ချီးကျူးစကားပြောကြားရာမှာ “မာလင်ဟာ ကမ္ဘာ့ဖလားရဲ့ အမှတ်အသားသင်္ကေတတစ်ခု ဖြစ်လာပါတယ်။ မက္ကဆီကို မိသားစုတွေရဲ့ ရပ်တည်ချက်၊ မိသားစုတွေရဲ့ အနှစ်သာရကို ကိုယ်စားပြုတဲ့ သင်္ကေတတစ်ခုပါ။ ဒါဟာ အရာအားလုံးထက် သာလွန်ပါတယ်။ ကမ္ဘာ့ဖလားမှာ အိမ်ရှင် မက္ကဆီကိုရဲ့ပုံရိပ်ကို မာလင်က တစ်ထောင့်တစ်နေရာကနေ မြှင့်နေပေးနေတာပါ”လို့ ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် သမ္မတက ဒီမိသားစုကို အစိုးရအနေနဲ့ ကူညီထောက်ပံ့မှုတွေ ဆောင်ရွက်ပေးသွားမယ်လို့လည်း ကတိပြုသွားခဲ့ပါတယ်။ ပိုင်ရှင် ဂိုးမက်ဇ်က မာလင်ကို မှတ်ပုံတင်ထားတဲ့ ကုန်အမှတ်တံဆိပ် (Registered Trademark) တစ်ခုဖြစ်အောင် ဆောင်ရွက်ဖို့ ကြိုးစားနေပြီး မာလင်ရဲ့ကျော်ကြားမှုကနေတစ်ဆင့် စိတ်ဝေဒနာ ခံစားနေရတဲ့ သူမရဲ့ သားကြီးအပါအဝင် မိသားစုကို ကူညီပေးနိုင်ဖို့ မျှော်လင့်နေပါတယ်။

ဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီး အခြားတစ်ဖက်မှာလည်း ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။ မက္ကဆီကိုနိုင်ငံမှာ လူပျောက်မှုဆုံးတွေ မြင့်တက်နေပြီး ပျောက်ဆုံးနေသူတွေရဲ့ ဆွေမျိုးသားချင်းတွေက သမ္မတနဲ့ လူကိုယ်တိုင် တွေ့ဆုံခွင့်ရဖို့ အစဉ်တစိုက် ဆန္ဒပြတောင်းဆိုနေကြပေမဲ့ အခုအချိန်ထိ တွေ့ဆုံခွင့် မရသေးဘဲ ဘဲကလေးကိုတော့ သမ္မတက အိမ်တော်မှာ လက်ခံတွေ့ဆုံခဲ့တဲ့အပေါ် လူအများက ဝေဖန်ထောက်ပြနေကြတာ ဖြစ်ပါတယ်။