ဆယ်စုနှစ်ချီ ပိတ်ဆို့အရေးယူမှုများကို လျှော့ချကာ အီရန်ထုတ် ရေနံအား အမေရိကတွင် ယာယီ ရောင်းချခွင့်ပြုရန် အမေရိကန်အစိုးရက ဇွန်လ ၂၂ ရက်တွင် ဆုံးဖြတ်လိုက်သည်။
စစ်ပွဲအဆုံးသတ်ရေးအတွက် အီရန်နှင့် အပြီးသတ်သဘောတူညီချက်ရရှိရေး ကြိုးပမ်းနေချိန် အမေရိကန်၏ အဆိုပါ ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
အီရန်က ၎င်း၏ အဏုမြူစီမံကိန်းများကို စစ်ဆေးမှုများ ခံယူပြီး ဟော်မုဇ်ရေလက်ကြားကို လွတ်လပ်စွာ ဖြတ်သန်းခွင့် ပေးရန် ကတိပြုလိုက်ပြီးနောက် အမေရိကန်ဘက်က ယင်းသို့ တုံ့ပြန်လာခြင်းဖြစ်သည်။
အီရန်ထုတ် ရေနံစိမ်း ၊ ရေနံဓာတုပစ္စည်းနှင့် ရေနံထွက်ပစ္စည်းများကို ဩဂုတ်လ ၂၁ ရက်အထိ ရောင်းချခွင့်ပြုမည် ဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် အထွေထွေလုပ်ငန်းလိုင်စင်အရ သိရသည်။
အရောင်းအဝယ်ပြုလုပ်ခြင်း၊ ပို့ဆောင်ခြင်း သို့မဟုတ် ကုန်ချခြင်းလုပ်ငန်းစဉ်များအတွက် လိုအပ်ပါက အီရန်ရေနံကို အမေရိကန်ပြည်ထောင်စုအတွင်းသို့ တင်သွင်းနိုင်ကြောင်း အဆိုပါ လိုင်စင်တွင် ဖော်ပြထားသည်။
အမေရိကန်အစိုးရသည် ၁၉၇၉ ခုနှစ် အီရန်တော်လှန်ရေးပြီးကတည်းက အီရန်ကို ပိတ်ဆို့မှုများ စတင်ချမှတ်ခဲ့ပြီး အီရန်ရေနံကို အမေရိကန်နိုင်ငံအတွင်းသို့ သိသာထင်ရှားစွာ တင်သွင်းခဲ့ခြင်း မရှိပေ။
“ဆွစ်ဇာလန်မှာ လက်ရှိပြုလုပ်နေတဲ့ အကျိုးရှိတဲ့ ဆွေးနွေးပွဲတွေနဲ့အညီ အီရန်အနေနဲ့ ဟော်မုဇ်ရေလက်ကြားမှာ လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့်ပြုပြီး နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီမှ စစ်ဆေးရေးမှူးများကို မိမိနိုင်ငံ အတွင်းသို့ ဝင်ရောက်ခွင့်ပြုဖို့ အာမခံထားပြီး ဖြစ်ပါတယ်” ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီးစကော့ဘဲဆင့်က X လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားခဲ့သည်။
“သဘောတူညီချက်မူဘောင်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ အီရန်ရေနံ ထုတ်လုပ်မှု ၊ ပို့ဆောင်မှုနဲ့ ရောင်းချမှုတို့ကို ခွင့်ပြုပေးတဲ့ ရက် ၆၀ သက်တမ်းရှိ ယာယီအထွေထွေလိုင်စင်တစ်ခုကို ထုတ်ပေးခဲ့တယ်” ဟုလည်း ထည့်သွင်းဖော်ပြထားသည်။
လွန်ခဲ့သည့်သီတင်းပတ်က အမေရိကန်နှင့် အီရန်အကြား လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာအရ အီရန်၏ ရေနံစိမ်း၊ ရေနံထွက်ပစ္စည်းများနှင့် ရေနံအသွင်ပြောင်း ထုတ်ကုန်များ တင်ပို့မှုအတွက် ကင်းလွတ်ခွင့်များ ထုတ်ပေးရန် အမေရိကန်က သဘောတူထားသည်။
အီရန်ဘဏ်လုပ်ငန်းဆိုင်ရာ ငွေလွှဲပြောင်းမှုများ၊ အာမခံများနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများအပါအဝင် ဆက်စပ် ဝန်ဆောင်မှုအားလုံးအတွက် ကင်းလွတ်ခွင့်များ ထုတ်ပေးရန်လည်း အမေရိကန်က သဘောတူထားသည်။
အဆိုပါ လိုင်စင်အရ အီရန်သို့ ငွေကြေးပေးချေမှုများကို အမေရိကန်ဒေါ်လာဖြင့် ပေးချေနိုင်မည်ဖြစ်သည်။
Source: Reuters
ဓာတ်ပုံ – US authorizes Iranian oil sales amid talks on final peace deal | Reuters







