လောင်းလုံးမြို့ တောင်ဘက်ပိုင်းသို့ စစ်ကြောင်းထိုး ရောက်ရှိနေသော စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များ ယနေ့ (မေ ၂၃) မွန်းလွဲ ၁ နာရီအချိန်ခန့်မှစ၍ တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံတို့ထံမှ သိရသည်။
မေလ ၂၂ ရက်နေ့ နံနက်ပိုင်းမှစ၍ လောင်းလုံးမြို့အနီး စစ်ပြဲကျေးရွာသို့ ရောက်ရှိနေသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ယနေ့ နံနက်ပိုင်းတွင် စစ်ပြဲကျေးရွာ၏ အနောက်တောင်ဘက်တွင်ရှိသော ဂေါ့အင်းကျေးရွာသို့ စစ်ကြောင်းထိုး ရောက်ရှိလာခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။
ယင်းစစ်အာဏာရှင်တပ် စစ်ကြောင်းကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် တော်လှန်ရေးတပ်များက ဂေါ့အင်းကျေးရွာနှင့် ရေဖြူကျေးရွာကြားတွင် စောင့်ကြိုပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“တိမ်းရှောင်ဖို့ဆိုပြီး အိမ်ရှေ့ရောက်တာနဲ့ စစ်ကြောင်းက အိမ်ရှေ့ရောက်လာတယ်။ သိပ်မကြာဘူး တော်လှန်ရေးတပ်တွေကလည်း ဒရုန်းနဲ့ ဗုံးချတယ်၊ နှစ်ဖက် အပြန်အလှန် ပစ်ကြတယ်၊ လူတွေလည်း ရွာအရှေ့ဘက်ကို ထွက်ပြေး၊ အဖမ်းခံရသူကလည်း အဖမ်းခံရတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။
နှစ်ဖက်တိုက်ပွဲမှာ ယနေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် ငြိမ်သက်သွားပြီးနောက် စစ်ကြောင်းမှာ ဂေါ့အင်းတိုက်ကျောင်းနှင့် အနီးနားရှိ နေအိမ်တို့တွင် ယနေ့ ညနေပိုင်းအထိ တပ်စွဲထားကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“သူတို့(စစ်အာဏာရှင်တပ်) ရှေ့တိုးလို့မရတော့လို့ ပြန်ဆုတ်လာတယ်၊ အခု တိုက်ကျောင်းမှာ အချို့ရှိတယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။
အဆိုပါ စစ်အာဏာရှင်တပ် စစ်ကြောင်းမှာ ဂေါ့အင်းကျေးရွာနှင့် အနီးဝန်းကျင်ရှိ ဒေသခံအမျိုးသားအချို့ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကြောင်း စုံစမ်းသိရပြီး ဖမ်းဆီးထားသည့် လူဦးရေအတိအကျ မသိရသေးပေ။
စစ်အာဏာရှင်တပ်မှာ အနည်းဆုံး အင်အားတစ်ရာ့ငါးဆယ်ခန့်ရှိပြီး မေလ ၂၂ ရက်နေ့မှစ၍ လောင်းလုံးမြို့အနီး ညင်းမော်ကျေးရွာမှတစ်ဆင့် ရွာစဉ်တစ်လျှောက် စစ်ကြောင်းထိုးလာသည့်အတွက် ညင်းမော်၊ စစ်ပြဲ၊ လေးသွန်းခံ၊ ဂေါ့အင်း၊ ရေဖြူစသည့် ကျေးရွာများနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများအပါအဝင် အနည်းဆုံး ကျေးရွာရှစ်ရွာမှ ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် နေကြရကြောင်း ဒေသခံများထံမှ သိရသည်။
လောင်းလုံးမြို့မှ တောင်ဘက်ပိုင်းသို့ စစ်အာဏာရှင်တပ် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသည့်အတွက် ဒေသခံပြည်သူများအနေဖြင့် လုံခြုံရေးအထူးသတိပြုကြရန် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) ကလည်း ယနေ့ နံနက်ပိုင်းက သတိပေးတိုက်တွန်းထားသည်။







