ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

လာအိုမြို့တော် ဗီယင်ကျင်းရှိ ကျားဖြန့်လုပ်ငန်းကို ရဲတပ်ဖွဲ့ဝင်စီး၊ လူခြောက်ရာခန့် ဖမ်းဆီးခံရ

July 22, 2026

လာအိုနိုင်ငံမြို့တော် ဗီယင်ကျင်းရှိ ကျားဖြန့်လုပ်ငန်းကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းကာ လူခြောက်ရာခန့်ကို ဖမ်းဆီးခဲ့ပြီး ယင်းအနက် တစ်ဝက်ကျော်မှာ ထိုင်းနိုင်ငံသားများဖြစ်‌ကြောင်း ထိုင်းနှင့် လာအိုသတင်းဌာနများတွင် ဖော်ပြသည်။

ဇူလိုင်လ ၁၉ ရက်က ဗီယင်ကျင်းမြို့ ဟတ်စိုင်ဖွန်ဒေသတွင် ခြံစည်းရိုးအမြင့်ဖြင့် ကာရံထားသော အဆောက်အအုံကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။

ဟတ်စိုင်ဖွန်ဒေသသည် ထိုင်းနိုင်ငံ နွန်းခိုင်ခရိုင်နှင့် ထိစပ်နေသော နယ်စပ်ဒေသဖြစ်သည်။

ယင်းအဆောက်အအုံကို ကျားဖြန့်လုပ်ငန်းနှင့် အွန်လိုင်းလောင်းကစားပြုလုပ်နေသည်ဟု သံယယရှိသဖြင့် ဝင်ရောက်စီးနင်းခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

အဆောက်အအုံထဲတွင် လူ ၅၈၉ ဦးကို တွေ့ရှိခဲ့ပြီး ၎င်းတို့အနက် အမျိုးသမီး ၃၀၉ ဦးပါဝင်ကြောင်း လာအိုပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဖမ်းဆီးခံရသူများတွင် ထိုင်းနိုင်ငံသား ၃၇၃ ဦးပါဝင်ပြီး လာအိုနိုင်ငံသား ၁၉၉ ဦး၊ ဗီယက်နမ် ၁၂၅ ဦး၊ ကမ္ဘောဒီးယား နှစ် ဦးကိုလည်း တွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။

ကွန်ပျူတာ၊ ဖုန်းနှင့် ဆက်သွယ်ရေးပစ္စည်းပေါင်း တစ်သောင်းခန့်ကိုလည်း သက်သေအနေဖြင့် သိမ်းဆည်းခဲ့ကြောင်း ဖော်ပြသည်။

လက်ရှိတွင် ကျားဖြန့်လုပ်ငန်းနှင့်ပတ်သက်၍ ခေါင်းဆောင်များနှင့် ဆက်စပ်သူများကို စုံစမ်းနေဆဲဖြစ်ကြောင်း လာအိုရဲတပ်ဖွဲ့က ဆိုသည်။

ယခုနှစ် ပထမခြောက်လတာအတွင်း လာအိုနိုင်ငံတွင် ကျားဖြန့်လုပ်ငန်း၊ အွန်လိုင်းလောင်းကစား၊ အွန်လိုင်းရာဇဝတ်မှု များနှင့် ပတ်သက်၍ လူပေါင်း ၄,၄၂၈ ဦးကို ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။

Ref: Thai PBS, Laophatana News, The Laotian Times