ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မဲဆောက်တွင် နည်းပညာမြင့် ဒရုန်းများနှင့်အတူ မြန်မာတစ်ဦး ဖမ်းဆီးခံရ

July 22, 2026

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် နည်းပညာမြင့် FPV ဒရုန်းများနှင့်အတူ မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ဗဟိုစုံစမ်းထောက်လှမ်းရေးဗျူရို (CIB) က ထုတ်ပြန်သည်။

ဇူလိုင်လ ၂၁ ရက်နေ့က မဲဆောက်မြို့၊ အာရှလမ်းမကြီးပေါ်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် အသက် ၂၈ နှစ်အရွယ် ကိုမင်းနီကျော်ကို ခြေရာခံ၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသို့ ပို့ဆောင်မည့် ဒရုန်းများကို မဲဆောက်မြို့အတွင်းသို့ ပို့ဆောင်လာသည်ဟု သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့က စာတိုက်မှတစ်ဆင့် ခြေရာခံကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဒရုန်းပစ္စည်းများကို ချင်းရိုင်မှတစ်ဆင့် ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး ကိုမင်းနီကျော်က မဲဆောက်မြို့တွင် ပါဆယ်လက်ခံရယူခဲ့သည်ကို တွေ့ရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ကိုမင်းနီကျော်ကို ဝင်ရောက်ဖမ်းဆီးစဉ် FPV ဒရုန်း လေးစီး၊ ဘောင် ခုနစ်ခု၊ ကင်မရာများအပါအဝင် အပိုပစ္စည်း ၁၆ မျိုးကို သိမ်းဆည်းရမိကြောင်း သိရသည်။

လက်ရှိတွင် ကိုမင်းနီကျော်ကို ဒရုန်းမှောင်ခိုတင်သွင်းမှု၊ လက်ဝယ်ထားရှိမှုတို့ဖြင့် အမှုဖွင့်ထားပြီး မဲဆောက်ရဲစခန်းတွင် ထိန်းသိမ်းထားသည်။

ကိုမင်းနီကျော်ကလည်း ပစ္စည်းများကို လက်ခံပို့ဆောင်ပေးခြင်းသာဖြစ်ပြီး ပစ္စည်းထဲပါဝင်သော အရာများကို မသိသလို ကိုယ်ပိုင်ပစ္စည်းလည်း မဟုတ်ကြောင်း ငြင်းဆိုထားသည်။