ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

“အမေ အားပေးခွင့်ရတဲ့ပွဲကို မရှုံးအောင် ကစားပြနိုင်ခဲ့တာနဲ့တင် ပျော်ပါတယ်”ဆိုတဲ့ ဗိုဇင်ညာ

June 22, 2026

ကိပ်ဗာဒီ လက်ရွေးစင်အသင်း ဂိုးသမား ဗိုဇင်ညာ က သူ့ရဲ့မိခင် လာရောက်အားပေးတဲ့ပွဲစဉ်မှာ သရေရလဒ် ရရှိခဲ့လို့ အရမ်းပဲ ကျေနပ်အားရဖြစ်မိတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို သမိုင်းကြောင်းတလျှောက် အခုမှ ပထမဆုံးအကြိမ် ပါဝင်ကစားခွင့်ရရှိတဲ့ ကိပ်ဗာဒီအသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်နှစ်ပွဲမှာ ထိပ်သီးအသင်းကြီးတွေကို သရေခံကစားပြီး နောက်တစ်ဆင့်တက်ခွင့်ကို မျှော်လင့်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။

အုပ်စုနောက်ဆုံးပွဲစဉ်ကို ဆော်ဒီအာရေဗျနဲ့ ယှဉ်ပြိုင်ရမှာဖြစ်လို့ အဲ့ဒီပွဲစဉ်ကို အနိုင်ရခဲ့ရင် ကိပ်ဗာဒီက ၃၂ သင်းအဆင့်ဆီ တက်လှမ်းသွားနိုင်တော့မှာပဲ ဖြစ်ပါတယ်။

ဒီနေ့ယှဉ်ပြိုင်ခဲ့ရတဲ့ အုပ်စုဒုတိယပွဲစဉ်မှာ ကိပ်ဗာဒီ က နာမည်ကြီး ဥရုဂွေးကို နှစ်ဂိုးစီ သရေကစားလိုက်တာဖြစ်ပါတယ်။

ဒီပွဲကို အမေရိကန်ပြည်ထောင်စုဆီ ဗီဇာကြေးကင်းလွတ်ခွင့်နဲ့ ပြည်ဝင်ခွင့်ရခဲ့သူ ကိပ်ဗာဒီဂိုးသမား ဗိုဇင်ညာရဲ့မိခင်ဟာ ပွဲကြည့်စင်ထက်ကနေ ကိပ်ဗာဒီနိုင်ငံတော်အလံကို ကိုင်မြှောက်ဝှေ့ယမ်းကာ လာရောက်အားပေးသွားခဲ့ပါတယ်။

ပွဲအပြီးမှာ ဗိုဇင်ညာက သူ့အမေရှိရာ ပွဲကြည့်စင်ဘက်ဆီ လက်ဝှေ့ယမ်း နှုတ်ဆက်ခဲ့ပြီး သူ့ရဲ့မိခင်ကလည်း ကိပ်ဗာဒီနိုင်ငံတော်အလံကို ဝှေ့ယမ်းကာ သားဖြစ်သူကို ဂုဏ်ပြုခဲ့ပါတယ်။

ကိပ်ဗာဒီက စပိန်ကို ဂိုးမရှိသရေကစားနိုင်ခဲ့တဲ့ အုပ်စုအဖွင့်ပွဲစဉ်အပြီးမှာ ဗိုဇင်ညာက ကွင်းအတွင်း ငိုကြွေးနေခဲ့ပြီး ဗိုဇင်ညာ ငိုကြွေးရတဲ့အကြောင်းရင်းဟာ ဆင်းရဲလှတဲ့ သူတို့မိသားစုအခြေအနေကြောင့် ဗီဇာကြေးပေးသွင်းဖို့ မတတ်နိုင်တဲ့အတွက် သူ့ရဲ့အမေကို ပွဲကြည့်ဖို့ ခေါ်မလာနိုင်ခဲ့တာကြောင့် ဖြစ်တယ်ဆိုတာကို မီဒီယာတွေက ဖော်ထုတ်ရေးသားနိုင်ခဲ့ပါတယ်။

ဒီသတင်းကို သိရှိလိုက်ရပြီးတဲ့နောက်မှာ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဖီဖာ အပါအဝင် ကိပ်ဗာဒီအာဏာပိုင်တွေနဲ့ ချိတ်ဆက်ပြီး အမေရိကန်ပြည်ထောင်စုဆီကို ကိပ်ဗာဒီရဲ့အမေ ဗီဇာကြေးကင်းလွတ်ခွင့်နဲ့ ပြည်ဝင်ခွင့်ရအောင် စီမံပေးခဲ့ပြီး ဒါကြောင့်ပဲ သားဖြစ်သူရဲ့ အုပ်စုဒုတိယပွဲစဉ်အမီ ဗိုဇင်ညာရဲ့အမေက အရောက်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။

“ပြိုင်ပွဲ မစခင်က ကျွန်တော်တို့ကို စောစောစီးစီး အိမ်ပြန်ရမယ့်အသင်းလို့ပဲ အားလုံးက သတ်မှတ်ထားခဲ့တာပါ။ အခုတော့ ကျွန်တော်တို့မှာ မျှော်လင့်ချက်တွေ အများကြီးရှိလို့နေပါပြီ။ ရှေ့လာမယ့်ပွဲစဉ်မှာလည်း ရလဒ်ကောင်း ယူပြနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော့်ရဲ့အမေလည်း ပွဲရလဒ်အတွက် ကျေနပ်နိုင်မှာပါ”လို့ ဗိုဇင်ညာက ပြောသွားခဲ့ပါတယ်။