တနင်္သာရီတိုင်းသည် လာမည့် ခုနစ်ရက်အတွင်း မိုးအလွန် သည်းထန်နိုင်ကြောင်း မိုးလေဝသလေ့လာသူ ဦးဝင်းနိုင်က အသိပေးထားသည်။
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်အနီး ပင်လယ်ပြင်တွင်ပြင်းထန်သော လေဖိအားနည်း စနစ်တစ်ခု ဗဟိုပြုကာ မြောက်ဘက်သို့ ဦးတည်ရွေ့လျားနေကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထား သည်။
ထို့ကြောင့် မြန်မာနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းနှင့် မြောက်ပိုင်းဒေသများတွင် အစွန်းရောက် မိုးလွန်ကဲမှုဇုန်အဖြစ် ဆက်လက်ရှိနေကြောင်း ဦးဝင်းနိုင်က ရေးသားသည်။
ယင်းအရှိန်ကြောင့် တနင်္သာရီတိုင်းသည် မိုးအလွန်ကြီးမည့် ကမ်းရိုးတန်းဇုန်ထဲတွင်ပါဝင်နေပြီး လာမည့် ၁၆၈ နာရီအတွင်း (၇ ရက်အတွင်း) မိုးရေချိန် ၂၅၀ မှ ၄၂၀ မီလီမီတာ (၁၀ လက်မ မှ ၁၆ လက်မကျော်) အထိ ရွာသွန်းနိုင်ကြောင်း သတိပေးထားသည်။
ပုံမှန်အားဖြင့်မူ ၂၄ နာရီအတွင်း မိုးရေချိန် ၃ လက်မအထက်ကျော်လျှင် မိုးကြီးသည်ဟုသတ်မှတ်ထားသည်။
ယခုမူ ၇ ရက်အတွင်း ၁၀ လက်မမှ ၁၆ လက်မကျော်အထိ ရွာသွန်းနိုင်သည်ဟုဆိုထားသဖြင့် ရက်ဆက်မိုးကြီးမည့် အခြေအနေဖြစ်ကြောင်း မိုးဇလ အငြိမ်းစားအရာရှိတစ်ဦးက ရှင်းပြသည်။
“သူပြောသလိုမျိုး မိုးရေချိန်အတိုင်းဆိုရင် မိုးက နေ့တိုင်း (၇ ရက်ဆက်) မိုးကြီးမယ်ပေါ့နော်။ မိုးကြီးတော့ မိုးရေချိန်တွေက များလာရင် မြေဆီလွှာက ရေစုပ်ယူမူ အားမကောင်းတော့ဘူးလေ။ အဲဒီလိုဆိုတော့ ရေကြီးတာတွေ ဖြစ်လာမယ်ပေါ့နော်“ ဟု ၎င်းက ပြောဆိုသည်။
ရခိုင်ရိုးမတောင်တန်းတစ်ကြော၊ ကချင်ပြည်နယ်မြောက်ပိုင်းဒေသများလည်း တနင်္သာရီတိုင်းနည်းတူ မိုးသည်းထန်ပြီး ရက်ဆက်ရွာနိုင်ကြောင်းဆိုသည်။
တစ်ချိန်တည်းတွင် ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက် ပစိဖိတ်သမုဒ္ဒရာအနောက်မြောက်ပိုင်းတွင် မက္ခလာဟု အမည်ပေးထားသော တိုင်ဖွန်းမုန်တိုင်းတစ်ခုလည်း လက်ရှိတွင် အနောက်မြောက်ဘက်သို့ ဦးတည်ရွေ့လျားနေပြီး ရှေ့ဆက်၍ ပိုမိုအားကောင်း လာနိုင်ကြောင်း ဦးဝင်းနိုင်က ရေးသားထားသည်။
ထိုမုန်တိုင်းကြောင့် အနောက်တောင်မုတ်သုံလေ ပိုမိုတွန်းတင်ခံရသဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် မိုးဆက်လက်ထူထပ်နေမည်ဖြစ်ပြီး နေရာကွက်၍ မိုးကြီးခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းတို့ကို သတိပြုရန် လိုအပ်ကြောင်း ၎င်းက သတိပေးထားသည်။
စစ်အုပ်စု ထိန်းချုပ်မှုအောက်ရှိ မိုးလေဝသနှင့် ဇလဗဒညွှန်ကြားမှုဦးစီးဌာနကမူ ဇွန်လ တတိယ ဆယ်ရက်ပတ်အတွင်း တနင်္သာရီတိုင်းသည် ဇွန်လအတွင်း ပုံမှန်ရွာသွန်းနေကျအတိုင်းသာ မိုးရွာနိုင်ခြေရှိပြီး ဇွန်လ တတိယဆက်ရက်ပတ်အတွင်း မိုးရွာရက် ၈ ရက်မှ ၁၀ ရက်အထိ ရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။
ဇူလိုင်လအတွင်းတွင်မူ အားအသင့်အတင့်ရှိသော အယ်လ်နီညိုရာသီဥတုဖြစ်လာနိုင်ခြေရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။







