ကိပ်ဗာဒီအသင်းက ဒီနေ့ယှဉ်ပြိုင်ခဲ့ရတဲ့ အုပ်စုဒုတိယပွဲစဉ်မှာ ဥရုဂွေးကို နှစ်ဂိုးစီ သရေကစားလိုက်တာကြောင့် ဒီအုပ်စုကနေ စပိန်နဲ့ ဥရုဂွေးတို့ နောက်တစ်ဆင့်တက်ရောက်ရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်ရတော့မှာပဲဖြစ်ပါတယ်။
ကိပ်ဗာဒီ ဟာ အုပ်စုနောက်ဆုံးပွဲစဉ်ကို ဆော်ဒီအာရေဗျနဲ့ ကစားရမှာဖြစ်လို့ အဲဒီပွဲကို အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ရင် အုပ်စုဗိုလ်နေရာ ရနိုင်ဖို့အထိ မျှော်လင့်ခွင့်ရှိနေပါတယ်။
ဥရုဂွေးနဲ့ စပိန်တို့ ထိပ်တိုက်တွေ့နေတဲ့ပွဲစဉ်မှာ ဥရုဂွေးသာ နိုင်သွားခဲ့ရင် စပိန်က အုပ်စုတတိယ ဖြစ်သွားတော့မှာမို့ ရှုံးထွက်အဆင့်တွေရောက်ရင် ပွဲကျပ်လမ်းကြောင်းကို ဖြတ်သန်းရမယ့်အခြေအနေ ဆိုက်ရောက်သွားပါလိမ့်မယ်။
စပိန်ဟာ ဥရုဂွေးကို အနိုင်ရခဲ့ရင် အုပ်စုဗိုလ်ဖြစ်ဖို့ ကျိန်းသေသလို စပိန်ကို ရှုံးတဲ့ ဥရုဂွေးကတော့ အုပ်စုက ပြုတ်သွားနိုင်ခြေ ရှိနေပါတယ်။ ကိပ်ဗာဒီဟာ ဆော်ဒီအာရေဗျကို သရေကစားနိုင်တာနဲ့တင် အနိမ့်ဆုံးအဖြစ် အကောင်းဆုံးအုပ်စုတတိယအသင်း ၈ သင်းစာရင်းမှာ ပါဝင်ပြီး ၃၂ သင်းအဆင့် တက်ဖို့ကို မျှော်လင့်ခွင့်ရှိနေပါတယ်။
ကိပ်ဗာဒီ ဟာ ဒီနေ့ပွဲမှာလည်း ဘောလုံးပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်းလောက်သာ ရှိခဲ့ပေမယ့် ဥရုဂွေးကို သရေကစားနိုင်ခဲ့တာကြောင့် ဆီနီဂေါရဲ့နောက်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ ပထမဆုံးအကြိမ် ပွဲဦးထွက်မှာတင် ၂ ပွဲဆက် ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့တဲ့ ဒုတိယမြောက်အသင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။
ကိပ်ဗာဒီအသင်းရဲ့ဂိုးသမား ဗိုဇင်ညာကလည်း သူတို့အနေနဲ့ နောက်တစ်ဆင့်တက်ခွင့်ကို အရယူသွားမယ်လို့ ပွဲအပြီးမှာ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။







