ထားဝယ်မြို့တွင် ခြောက်နှစ်ကြာ ရပ်နားထားသည့် ဓမ္မစကူးလ်များ ယခုနှစ် ဇွန်လ ၇ ရက်နေ့တွင် စတင်ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း ဓမ္မစကူးလ် ဆရာဖြစ်သင်တန်း တက်ရောက်ထားသူများထံမှ သိရသည်။
ကိုဗစ်မတိုင်မီက ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်တိုင်း၊ ဘုန်းကြီးကျောင်းနှင့် ကျေးရွာအလိုက် သတ်မှတ်ထားသည့် နေရာများတွင် တနင်္ဂနွေနေ့တိုင်း ဓမ္မစကူးလ်ကျောင်းများ ဖွင့်လှစ်ပြီး ယဉ်ကျေးလိမ္မာ ဘာသာရေးစာပေများနှင့် ပြည်သူ့နီတိဘာသာရပ်များကို သင်ကြားပေးနေသည်။
ကိုဗစ်ကပ်ဘေးဖြစ်သည့် ၂၀၂၀ ပြည့်နှစ်မှစ၍ ဓမ္မစကူးလ်ကျောင်းများ စတင်ပိတ်လိုက်ရခြင်းဖြစ်ပြီး ယခု ခြောက်နှစ်ကြာမှ ပြန်ဖွင့်နိုင်ခြင်း ဖြစ်ကြောင်း၊ ယခုပညာသင်နှစ် ဓမ္မစကူးလ်ကျောင်းကို ထားဝယ်မြို့ပေါ်ရှိ မြို့မယဉ်ကျေးရိပ်သာနှင့် ဆင်ဖြူတော်ကျောင်းတို့တွင် ကနဦးဖွင့်လှစ်မည်ဖြစ်ကြောင်း ဓမ္မစကူးလ်ဆရာတစ်ဦးက ပြောသည်။
“လောလောဆယ်တော့ ထားဝယ်မြို့မှာပဲ စဖွင့်ဖို့ရှိသေးတယ်၊ KG ကနေပြီးတော့ G-6 အထိကို လက်ခံသင်ကြားပေးပါမယ်” ဟု ၎င်းက ပြောသည်။
ယခင်က ထားဝယ်ခရိုင်အတွင်း ဓမ္မစကူးလ်ပညာရေးကျောင်းများ ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်ခဲ့သည့် နယ်မြို့များတွင် ကိုဗစ်ကပ်ဘေးနှင့် စစ်အာဏာသိမ်းမှုများကြောင့် ယနေ့အထိ ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း ယခင်က ဓမ္မစကူးလ်ကျောင်း ဖွင့်လှစ်ခဲ့သည့် လောင်းလုံးမြို့နယ်ရှိ ကျေးရွာတစ်ရွာမှ ဒေသခံတစ်ဦးက ပြောသည်။
“အခုက အရင်လို ဆရာဖြစ်သင်ပေးမယ့် စေတနာဝန်ထမ်းလူငယ်တွေလည်း မပြည့်စုံတော့ဘူး၊ နောက် စာသင်ကျောင်းတောင် မဖွင့်နိုင်တဲ့အခုဒေသအခြေအနေအရလည်း မဖြစ်နိုင်ဘူး၊ နယ်တွေမှာကတော့ ဖွင့်နိုင်တဲ့အခြေအနေမှာ မရှိဘူး” ဟု ၎င်းဒေသခံက ပြောသည်။
ထားဝယ်မြို့ပေါ်တွင် ယခုနှစ် ဓမ္မစကူးလ်စတင်ဖွင့်လှစ် သင်ကြားပေးရန် စေတနာဝန်ထမ်း ဆရာ၊ ဆရာမ ခြောက်ဆယ်ကျော်ရှိပြီး ၎င်းတို့ကို မေလ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ဓမ္မစကူးလ်ဆရာဖြစ်သင်တန်း ပေးထားပြီးဖြစ်ကြောင်း သိရသည်။
ယခုလောလောဆယ်တွင် အွန်လိုင်းမှ စာရင်းပေးကျောင်းအပ် လက်ခံနေပြီး မေလ ၂၄ ရက်နေ့မှစ၍ သက်ဆိုင်ရာ ဓမ္မစကူးလ်ဖွင့်လှစ်မည့် ဘုန်းကြီးကျောင်းများတွင် ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ဓမ္မစကူးလ်ကျောင်းများ၏ စာသင်ချိန်မှာ နှစ်စဉ် ဇွန်လမှ နောက်တစ်နှစ် ဖေဖော်ဝါရီလနှင့် မတ်လကြား ဖြစ်သည်။ အခြေခံပညာကျောင်းများ၏ ပညာသင်နှစ်နှင့်အတူ ညှိနှိုင်းဖွင့်လှစ်ထားရှိကြောင်း ဓမ္မစကူးလ် ဆရာ၊ ဆရာမအသိုင်းအဝန်းထံမှ သိရသည်။







