ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့အနီး ဆင်ထိန်းသိမ်းရေးစခန်း (Elephant Nature Park) တွင် လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ဆင်ထိန်းတစ်ဦးကို ရိုက်နှက်နှိပ်စက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင် ငါးဦးကို အရေးယူထားကြောင်း Thai Enquirer သတင်းဌာနက ဖော်ပြသည်။
ရိုက်နှက်နှိပ်စက်ခံရမှုကြောင့် မြန်မာဆင်ထိန်းမှာ ချင်းမိုင်မြို့ လန်းနားဆေးရုံကြီး ICU ထဲ ကုသမှုခံယူနေရဆဲဖြစ်ပြီး ဇူလိုင်လ ၂၀ ရက်နေ့အထိ သတိမရသေးကြောင်း ဆင်ထိန်းသိမ်းရေးစခန်း တည်ထောင်သူက လူမှုကွန်ရက်တွင် ရေးသားထားသည်။
ဇူလိုင်လ ၁၄ ရက် ည ၁၀ နာရီခန့်က ချင်းမိုင်ခရိုင်၊ မယ့်တန်းဒေသတွင် မြန်မာဆင်ထိန်း ကိုထွန်းအီးသည် မိသားစုထံမှ အလည်ပြန်လာပြီး ဆိုင်ကယ်စီးလာစဉ် လမ်းခုလတ်တွင် ရဲတပ်ဖွဲ့ဝင်များ၏ စစ်ဆေးရေးဂိတ်၌ စစ်ဆေးခံခဲ့ရကြောင်း ၎င်းကရေးသားထားသည်။
စစ်ဆေးခံရစဉ် ကိုထွန်းအီးက မိသားစုဝင်များထံ ဆက်သွယ်အကူအညီတောင်းခံခဲ့သဖြင့် ညီဖြစ်သူက လိုက်လံရှာဖွေစဉ် အဆက်အသွယ် ပြတ်တောက်သွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ စစ်ဆေးရေးဂိတ်သည် မူးယစ်ဆေးဝါးနှင့် မှောင်ခိုတင်သွင်းမှုများအတွက် နယ်ခြားစောင့်ရဲတပ်ဖွဲ့က ပုံမှန်စစ်ဆေးလေ့ရှိကြောင်း၊ ရဲတပ်ဖွဲ့က ကိုထွန်းအီးနှင့် ဆိုင်ကယ်ကို ဖမ်းဆီးခဲ့ပြီး ကားပေါ်တင်ကာ အခြားနေရာသို့ ခေါ်ဆောင်သွားခဲ့သည်ကို စုံစမ်းသိရှိခဲ့ရကြောင်း ချင်းမိုင်ရဲစခန်းက ထုတ်ပြန်သည်။
နံနက် ၄ နာရီခန့်တွင် စစ်ဆေးရေးဂိတ်နှင့် ၃၀ ကီလိုမီတာခန့်အကွာ၌ သတိမေ့နေသည့် ကိုထွန်းအီးကို ဒေသခံများက တွေ့ရှိခဲ့သည်။
ဒဏ်ရာရရှိနေသော ကိုထွန်းအီးကို ကယ်ဆယ်ရေးအဖွဲ့က မယ့်တန်းဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ထိုမှတစ်ဆင့် လန်းနားဆေးရုံကြီးသို့ လွှဲပြောင်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ရိုက်နှက်စစ်ဆေးခံရမှုကြောင့် ကိုထွန်းအီးတွင် မျက်နှာတစ်ခုလုံး ရောင်ကိုင်းနေပြီး ပါးစပ်၊ နှာခေါင်း၊ နားများထဲမှ သွေးများထွက်နေကာ အသက်ရှူရခက်နေသည်ကို တွေ့ရကြောင်း တည်ထောင်သူက ရေးသားထားသည်။
ကိုထွန်းအီးသည် ဦးခေါင်းကို ထိုးကြိတ်ခံရသဖြင့် ဦးခေါင်းခွံကွဲဒဏ်ရာရရှိပြီး ကိုမာ (Coma) ဝင်သွားခဲ့သည်ဟု ဆရာဝန်များ၏ ရှင်းပြချက်ကို ထုတ်ပြန်ထားသည်။
ကိုထွန်းအီးသည် ဆင်စခန်းတွင် မျက်မမြင်ဆင်မကြီးကို ထိန်းသိမ်းစောင့်ရှောက်ပေးရသူဖြစ်ပြီး ဇနီးနှင့် ကလေးနှစ်ဦး ရှိကာ လက်ရှိတွင် ဆေးရုံစရိတ်အတွက် အခက်အခဲရှိနေကြောင်း တည်ထောင်သူက ရေးသားထားသည်။
ဇူလိုင်လ ၂၀ ရက်နေ့က ကိုထွန်းအီး၏ ဇနီးဖြစ်သူနှင့် ပြည်သူ ၅၀ ခန့်က ချင်းမိုင်ရဲစခန်းရှေ့တွင် တရားမျှတမှုရရှိရန် ဆန္ဒပြခဲ့ကြပြီး အမှတ် (၅) ရဲစခန်းနှင့် ပြည်သူ့ပါတီ (People Party) အမတ်ထံ လက်မှတ်ထိုး တောင်းဆိုခဲ့ကြကြောင်း ဖော်ပြသည်။
လက်ရှိတွင် ကိုထွန်းအီးကို ရိုက်နှက်နှိပ်စက်မှုနှင့် ပတ်သက်၍ မူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့က ရဲတပ်ဖွဲ့ဝင် ငါးဦးကို အာဏာအလွဲသုံးစားလုပ်မှုဖြင့် အမှုဖွင့်ထားပြီး ထပ်တိုးအမှုဖွင့်နိုင်ရေး သက်သေများကို စုဆောင်းနေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ရဲတပ်ဖွဲ့ဝင် ငါးဦးကမူ အဆိုပါစွပ်စွဲချက်များကို ငြင်းဆိုထားပြီး တာဝန်အရ ဆောင်ရွက်ခြင်းသာဖြစ်ကာ ထိန်းသိမ်းထားစဉ် ကိုထွန်းအီးက ကားအနောက်မှ ပြုတ်ကျခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုထားသည်။
Ref: Thai Enquirer, Chiang Mai Police station







