ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ချွန်ဘူရီတွင် ထိုင်းနိုင်ငံသားအမည်ခံ ကုမ္ပဏီနှင့် နေအိမ်များကို ရဲတပ်ဖွဲ့ ဖမ်းဆီး

July 21, 2026

Ref: Bangkok Post, The Nation Thailand

ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်ဘူရီခရိုင်တွင် ထိုင်းနိုင်ငံသားအမည်ပေါက် ကုမ္ပဏီပေါင်း ၃၃ ခုကို ရဲတပ်ဖွဲ့က စစ်ဆေးအရေးယူခဲ့ပြီး ရုရှားနိုင်ငံသား လေးဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဇူလိုင်လ ၁၇ ရက်က ချွန်ဘူရီခရိုင် နေရာ ၄၁ နေရာရှိ ရုရှားရွာဟု အမည်ရသော အိမ်ရာနှင့် ကုမ္ပဏီများကို ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းခဲ့ကြသည်။

ယင်းအိမ်ရာထဲတွင် ရုရှားနိုင်ငံသားများသည် အိမ်များကို ရောင်း၊ ငှားကြရန် ဝဘ်ဆိုက်တွင် အချင်းချင်း ချိတ်ဆက်ဆောင်ရွက်ခဲ့ကြကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ရုရှားရွာထဲတွင် ကုမ္ပဏီပေါင်း ၄၉၅ ခုက နေအိမ်ပေါင်း ၇၇၅ အိမ်နှင့် ချိတ်ဆက်လုပ်ကိုင်နေကြပြီး ကာလတန်ဖိုး ဘတ် ငါးဘီလီယံခန့်ရှိကြောင်း ပြောသည်။

၎င်းတို့အနက် ကုမ္ပဏီ ၄၃၅ ခုတွင် နိုင်ငံခြားသားများ ရှယ်ယာဝင်ထားသည်ကို တွေ့ရပြီး ကုမ္ပဏီ ၃၃ ခုကို ဥပဒေအရ အရေးယူခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ကုမ္ပဏီ ၁၉ ခုက ထိုင်းနိုင်ငံသားအမည်ခံကုမ္ပဏီများ ဖြစ်နေပြီး အခြား ၁၄ ခုက နိုင်ငံခြားသားများ ရှယ်ယာပိုင်ဆိုင်မှုကန့်သတ်ချက်ကို ချိုးဖောက်ထားကြောင်း ဖော်ပြသည်။

ယင်းကုမ္ပဏီများက ထိုင်းနိုင်ငံထဲ မြေယာ ၃၂ ကွက်ကို ပိုင်ဆိုင်ထားပြီး ကာလတန်ဖိုး ဘတ် ၂၃၅ သန်းခန့် တန်ဖိုးရှိကြောင်း ဖော်ပြသည်။

အမှုနှင့် ပတ်သက်၍ သံသယရှိသူ ထိုင်းနှင့် နိုင်ငံခြားသား ၅၄ ဦးအထိ ရှိပြီး ရုရှားနိုင်ငံသား လေးဦးကို ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။

ကုမ္ပဏီမှတ်ပုံတင်အထောက်အထား၊ စာရင်းအင်း၊ ကွန်ပျူတာ၊ ဖုန်း၊ ငွေစီးဆင်းမှုကို စစ်ဆေးရန် အချက်အလက်များ၊ ပြည်တွင်းနှင့် နိုင်ငံတကာကို ချိတ်ဆက်ထားမှုများကို သက်သေအနေဖြင့် သိမ်းဆည်းခဲ့ကြောင်း ဖော်ပြသည်။

လက်ရှိတွင် ထိုင်းနိုင်ငံသားအမည်ခံ ကုမ္ပဏီနှင့် စီးပွားရေးလုပ်ငန်းအပြင် ထိုင်းနိုင်ငံသားအမည်ခံ နေအိမ်များကိုပါ စစ်ဆေးအရေးယူမှုများ ရှိလာခဲ့ခြင်းဖြစ်သည်။

Ref: Bangkok Post, The Nation Thailand