ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

လောင်းလုံးတွင် လူသတ်ထွက်ပြေးနေသူ ဆက်သွယ်လာပြီး အဖမ်းခံ

April 21, 2026

ပုံစာ - သေနတ်ဖြင့်ပစ်ခတ်သူ ဦးစိုးပိုင်

လောင်းလုံးမြို့နယ်၊ အောက်ရေဖြူကျေးရွာအုပ်စု၊ ဝံတွင်းရွာတွင် သေနတ်ဖြင့် ပစ်သတ်ကာ ထွက်ပြေးသွားသည့် အမျိုးသား ဆက်သွယ်လာပြီး အဖမ်းခံခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။

ဧပြီလ ၂၀ ရက် ညနေ ၅ နာရီခန့်တွင် ဝံတွင်းကျေးရွာနေ အသက် ၆၀ ဝန်းကျင်အရွယ် ဦးနိုင်ဝင်း ဆိုသူ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည်။

သေနတ်ဖြင့် ပစ်ခတ်ပြီး ထွက်ပြေးသွားသူမှာ ဦးစိုးပိုင် ဆိုသူဖြစ်ပြီး အခင်းဖြစ်ပွားပြီး နာရီပိုင်းအကြာတွင်ပင် မိသားစုဝင်များထံ ဆက်သွယ်လာကာ အဖမ်းခံမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု မိသားစုဝင်တစ်ဦးက Dawei Watch သို့ ပြောသည်။

“အစကတည်းသူက အဖမ်းခံမယ်လို့ပြောတယ်။ သေသွားတဲ့သူ မီးသင်္ဂြိုဟ်ပြီးမှ အဖမ်းခံမယ်ပေါ့။ မိသားစုဝင်တွေကတော့ အချိန်မဆွဲနဲ့ပေါ့နော်။ အချိန်ဆွဲနေရင် ထွက်ပြေးနေသလိုဖြစ်နေတယ်။ အမြန်ဆုံးအဖမ်းခံလိုက်ပါဆိုပြီး သူ့ကိုပြောပြတော့ သူ့အနေနဲ့ ကြည်ကြည်ဖြူဖြူ လက်ခံပြီးတော့ သူ့ကိုလာဖမ်းပါဆိုပြီး ပြောလာတာ” ဟု မိသားစုဝင်တစ်ဦးက ဆိုသည်။

ထိုသို့ အဖမ်းခံမည်ဟု ဖုန်းဆက်ပြောလာသဖြင့် ဒေသတွင်း လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တစ်ခု၏ အကူအညီဖြင့် ဧပြီလ ၂၁ ရက် နံနက် ၉ နာရီအချိန်တွင် ဦးစိုးပိုင်အား လောင်းလုံးမြို့အနီးရှိ ကျေးရွာတစ်ရွာ၌ သွားရောက်ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။

အခင်းဖြစ်ပွားပြီး ၂၄ နာရီမပြည့်မီမှာပင် ဦးစိုးပိုင်ကိုယ်တိုင် သေနတ်နှင့် ကျည်များအပ်နှံကာ အဖမ်းခံလိုက်ခြင်း ဖြစ်သည်။

ဦးစိုးပိုင်အား မိသားစုဝင်များ၊ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဝင်များဖြင့် ထိုသို့ သွားရောက်ဖမ်းဆီးခဲ့ပြီး ကနဦး စစ်ဆေးမေးမြန်းပြီးနောက် လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ထံ လွှဲပြောင်းမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဦးစိုးပိုင်သည် အာဏာမသိမ်းခင်ကတည်းက ပစ္စတိုသေနတ် ဆောင်လေ့ရှိသူဖြစ်ပြီး ထိုသေနတ်ဖြင့်ပင် ဦးနိုင်ဝင်းအား ပစ်သတ်ခဲ့သည်ဟု ကနဦး ဝန်ခံထားကြောင်း အုပ်ချုပ်ရေးနှင့် နီးစပ်သူများက ပြောဆိုသည်။