ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

လောင်းလုံးတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ၊ ပစ်ခတ်သူ ထွက်ပြေးနေ

April 21, 2026

ပုံစာ - သေနတ်ဖြင့်ပစ်ခတ်ပြီး ထွက်ပြေးနေသည်ဆိုသော ဦးစိုးပိုင်

လောင်းလုံးမြို့နယ်၊ အောက်ရေဖြူကျေးရွာအုပ်စု၊ ဝံတွင်းကျေးရွာတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး ပစ်ခတ်သူမှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ဧပြီလ ၂၀ ရက် ညနေ ၅ နာရီခန့်တွင် ဝံတွင်းကျေးရွာနေ အသက် ၆၀ ဝန်းကျင်အရွယ် ဦးနိုင်ဝင်း ဆိုသူသည် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

၎င်းအား ပစ်ခတ်သူမှာ တစ်ရွာတည်းသားဖြစ်သူ အသက် ၆၀ ဝန်းကျင်အရွယ် ဦးစိုးပိုင် ဆိုသူဖြစ်ပြီး သေနတ်ဖြင့် ပစ်ခတ်ပြီးနောက် ထွက်ပြေးသွားကြောင်း ဒေသခံအချို့က ပြောဆိုသည်။

”ဆိုင်ကယ်နဲ့ရောက်လာပြီး အနီးကပ်ပစ်သွားတာ။ ရင်ဘတ်ကိုထိသွားတယ်။ ပစ်ပြီးတာနဲ့ ဆိုင်ကယ် အကြမ်းမောင်းပြီး ထွက်ပြေးသွားတာ” ဟု ပစ်ခတ်မှုကို မြင်တွေ့ရသူတစ်ဦးက ဆိုသည်။

သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားသူ ဦးစိုးပိုင်အား ဖမ်းဆီးနိုင်ရေးအတွက် ဒေသတွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပူးပေါင်းပြီး ညကတည်းက လိုက်လံရှာဖွေနေကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ဧပြီလ ၂၁ ရက် နံနက် ၉ နာရီ(သတင်းဖော်ပြချိန်)အထိ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားသူ ဦးစိုးပိုင်အား ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။

ပစ်ခတ်ခံရသူ ဦးနိုင်ဝင်းမှာ ရင်ဘတ်တွင် သေနတ်ဒဏ်ရာ နှစ်ချက်ထိမှန်ခဲ့ပြီး ဒေသတွင်းရှိ ဆေးခန်းတစ်ခုသို့ အရောက်တွင် သေဆုံးသွားခဲ့ကြောင်း ကိုယ်တိုင်လိုက်ပါဆောင်ရွက်ပေးသူများက ပြောဆိုသည်။

သေနတ်ဖြင့် ပစ်ခတ်သူ ဦးစိုးပိုင်သည် ၎င်း၏ ဇနီးဖြစ်သူနှင့် ဦးနိုင်ဝင်းတို့ အိမ်ထောင်ရေး ဖောက်ပြန်နေသည်ဟု သံသယရှိနေပြီး ယင်းသံသယကြောင့်ပင် ယခုကဲ့သို့ ပစ်သတ်သည်အထိ ဖြစ်နိုင်ကြောင်း ဒေသခံများက ယူဆနေကြသည်။

“ဦးနိုင်ဝင်းနဲ့သူ့မိန်းမကို ဖောက်ပြန်နေတယ်ဆိုပြီး သူ့စိတ်ထဲမှာ အမြဲတမ်း သံသယ ဖြစ်နေတာ။ အဲဒါကို အမြဲတမ်း ဖြေရှင်းပေးနေရတယ်။ မဟုတ်ဘူး ဆိုပြီး ရှင်းပြ၊ ပြောပြနေလည်းမရဘူး။ အဲလိုဖြစ်နေတာက အခုမှမဟုတ်ဘူး လွန်ခဲ့တယ် လေးငါးဆယ်နှစ်လောက်ကတည်းကကို ဖြစ်နေတာ။ အဲဒီစိတ်နဲ့ပဲ အခုလိုမျိုး မဖြစ်သင့်‌တာတွေ ဖြစ်ကုန်ကြတာပဲ” ဟု သေနတ်သမား ဦးစိုးပိုင်နှင့် ရင်းနှီးပြီး မကြာခဏ ပြဿနာဖြေရှင်းပေးနေရသူတစ်ဦးက ပြောဆိုသည်။

ဒေသခံများကြားတွင်မူ သာမန်အရပ်သားတစ်ဦးဖြစ်သူ ဦးစိုးပိုင်၏ လက်ထဲသို့ သေနတ်ရောက်ရှိနေသည့်အပေါ် အမျိုးမျိုး ဝေဖန်ပြောဆိုနေကြပြီး ပြဿနာကို သေနတ်ဖြင့် ဖြေရှင်းခဲ့သည့်အပေါ်၌လည်း စိုးရိမ်နေကြသည်။