တနင်္သာရီတိုင်းအပါအဝင် မြန်မာနိုင်ငံအဝှမ်းတွင် ယခု ဇူလိုင်လကုန်အထိ မိုးဆက်ကြီးမည်ဖြစ်ကြောင်း မိုးလေဝသဌာနများ နှင့် မိုးလေဝသ လေ့လာသုံးသပ်သူတို့က ခန့်မှန်းသည်။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းကာ လေထုမငြိမ်မသက်မှုများကြောင့် ဇူလိုင်လ ၂၈ရက်အထိ မိုးကြီးမည်ဖြစ်ကြောင်း စစ်အုပ်စု၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်း အထက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကယား (ကရင်နီ) ၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင် နှင့် ရှမ်းတို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအချို့တွင် နေရာကွက်၍မိုးကြီးနိုင်ကြောင်း ဆိုသည်။
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်း၊ ရေကြီး၊ ရေလျှံတို့ ကြုံတွေ့ရနိုင်ကြောင်း မိုးဇလက သတိပေးထားသည်။
တောင်တရုတ်ပင်လယ်ပြင်တွင် ဇူလိုင်လ ၂၅ ရက်ဝန်းကျင်၌ ဖြစ်ပေါ်လာနိုင်မည့် အားကောင်းသောအပူပိုင်းမုန်တိုင်း၏ အရှိန်ကြောင့် မြန်မာနိုင်ငံအောက်ပိုင်း၊ ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇူလိုင် ၂၅ မှ ၂၇ ရက်အတွင်း မုတ်သုံမိုး ဆက်တိုက် သည်းထန်စွာရွာသွန်းနိုင်ကြောင်း မိုးလေဝသလေ့လာသုံးသပ်သူ ဦးဝင်းနိုင်က ခန့်မှန်းသည်။
ယင်းအပြင် လျှပ်တစ်ပြက် ရေကြီးနိုင်ခြင်းကို အထူးသတိပြုရမည် ဖြစ်ကြောင်း ဆိုသည်။
ဓာတ်ပုံ – Dawei Watch (ပုံဟောင်း)







