ထိုင်းနိုင်ငံ ရတ်ချ်ဘူရီခရိုင်ရှိ ပုဂ္ဂလိကဆေးရုံတွင် ရောဂါမှားယွင်း ကုသ၍ လူနာသေဆုံးသွားသဖြင့် ဆရာဝန်ကို ဆေးရုံက ဇူလိုင်လ ၁၉ ရက်တွင် အလုပ်ဖြုတ်လိုက်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။
အသက် ၃၀ နှစ်အရွယ် ထိုင်းနိုင်ငံသားတစ်ဦးသည် လက်မှတစ်ဆင့် ရင်ဘတ်အထိ အလွန်အမင်း နာကျင်နေပြီး ချွေးထွက် လွန်နေသဖြင့် ဘန်ပေါ်ဒေသက San Camillo ဆေးရုံတွင် ဇူလိုင်လ ၁၇ ရက်က တက်ရောက် ကုသမှု ခံယူခဲ့သည်။
ဆရာဝန်က အဆိုပါလူနာ၏ ဝေဒနာသည် စိတ်ဖိစီးမှု သို့မဟုတ် အပူချိန်ကြောင့် ဖြစ်သည့် ရောဂါဟု အမည်တပ်ကာ ကုသခဲ့ကြောင်း လူနာ၏ ဇနီးဖြစ်သူ ဆရာမစိုင်းက ပြောသည်။
ကျောင်းဆရာမလည်းဖြစ် နာမည်ကြီးသူလည်းဖြစ်သော ဆရာမစိုင်း သည် ခင်းပွန်းဖြစ်သူ သေဆုံးမှုနှင့် ပတ်သက်၍ ဆိုရှယ်မီဒီယာပေါ်တွင် ပြောဆိုခဲ့ပြီး အကယ်၍ ရောဂါကို မှန်မှန်ကန်ကန် ခွဲခြမ်းစိတ်ဖြာပြီး ကုသမှု ခံယူပါက အမျိုးသားဖြစ်သူ သေဆုံးမည် မဟုတ်ဟု ပြောဆိုထားသည်။
အမျိုးသားဖြစ်သူ ဆေးရုံအရောက်တွင် ဌာနများစွာ လွှဲပြောင်းစစ်ဆေးမှု ခံယူခဲ့ရပြီး အရိုးဆရာဝန်က နှလုံးရောဂါဟု သံသယရှိသဖြင့် အထွေထွေသမားတော်ဖြင့် ကုသမှုခံယူရန် ညွှန်းခဲ့ကြောင်း ဆိုသည်။
အမျိုးသားဖြစ်သူကို ဆရာဝန်နှင့် ပြသစဉ် ဆရာဝန် နားကြပ်ဖြင့်ပင် မစမ်းသပ်ဘဲ သာမန် စိတ်ဖိစီးမှု သို့မဟုတ် ရာသီဥတုကြောင့် ဖြစ်သည့်လက္ခဏာဟုသာ သတ်မှတ်ခဲ့ပြီး ဆေးပေးကာ ဆေးရုံမှ ဆင်းစေခဲ့ကြောင်း ဆိုသည်။
မိသားစုဝင်များက ECG (နှလုံး လျှပ်စစ်လှုပ်ရှားမှုမှတ်တမ်း) စစ်ဆေးမှု ပြုလုပ်ပေးရန် ဆရာဝန်ကို တောင်းဆိုခဲ့သော်လည်း ငြင်းပယ်ခဲ့ကြောင်း ပြောသည်။
အမျိုးသားဖြစ်သူကို နောက်ထပ် စစ်ဆေးမှုများ ပြုလုပ်ပေးရန် သို့မဟုတ် အခြားဆေးရုံကြီးသို့ လွှဲပြောင်းပေးရန် မိသားစုဝင်များက တောင်းဆိုခဲ့သော်လည်း ဆရာဝန်က ငြင်းပယ်ခဲ့ကြောင်း ဆိုသည်။
ဆေးရုံမှဆင်း၍ အိမ်ပြန်လာပြီး အခြားဆေးရုံသို့ ထပ်မံ ပြသရန် ပြင်ဆင်နေစဉ် အမျိုးသားဖြစ်သူသည် ရှော့ဖြစ်ပြီး ညနေပိုင်းတွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
အလောင်းစစ်ဆေးမှုအရ အမျိုးသားဖြစ်သူတွင် နှလုံးသွေးလွှတ်ကြောရောဂါဖြစ်နေပြီး သွေးလွှတ်ကြောနှစ်ခု ပိတ်ဆို့နေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ထို့နောက် မိသားစုဝင်များက အမှုဖွင့် တိုင်ကြားခဲ့ပြီး ဆေးကုသမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုခဲ့သည်။
ဇူလိုင်လ ၁၈ ရက်တွင် ဆေးရုံဘက်က အသက် ၇၀ နှစ်အရွယ် ဆရာဝန်ကို ရာထူးမှ ရပ်ဆိုင်းခဲ့ပြီး ဆေးပညာကောင်စီနှင့်အတူ စုံစမ်းမှု ပြုလုပ်ခဲ့သည်။
ဇူလိုင်လ ၁၉ ရက်တွင် ဆေးရုံက ဆရာဝန်ကို ရာထူးမှ ချက်ချင်း ထုတ်ပယ်ခဲ့ကြောင်း ကြေညာခဲ့သည်။
ဆရာဝန်သည် လူနာရှင်များနှင့် ပြောဆိုစဉ် ယဉ်ကျေးမှု မရှိဘဲ ပြောဆိုခဲ့သလို လူနာရှင်နှင့် ထိတွေ့စဉ် လေးစားစွာ ပြောဆိုရမည်ဟူသော စည်းမျဉ်းကို ဖောက်ဖျက်ခဲ့ကြောင်း ရေးသားခဲ့သည်။
လက်ရှိတွင် သေဆုံးသူ၏ မိသားစုဝင်များကို ဆေးရုံဘက်က တောင်းပန်ထားပြီး စုံစမ်းစစ်ဆေးမှုနှင့် ပတ်သက်၍ အပြည့်အဝ ပူးပေါင်းမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
Ref: Khaosod English, Bangkok Post, The Thaiger







