ထိုင်းအစိုးရက ဖမ်းဆီးထားသော တရုတ်သတင်းထောက် Bai Zhaodong ကို တရုတ်နိုင်ငံသို့ ပြန်မပို့ရန် နိုင်ငံတကာအဖွဲ့အစည်းများက ဇူလိုင်လ ၁၈ ရက်တွင် တောင်းဆိုလိုက်သည်။
တရုတ်အစိုးရ အရာရှိများ၏ အဂတိလိုက်စားမှုကို စုံစမ်းဖော်ထုတ်ရေးသားခဲ့သော Bai Zhaodong သည် တရုတ်နိုင်ငံသို့ ပြန်ပို့ခံရပါက ဖမ်းဆီးနှိပ်စက်ခံရနိုင်သဖြင့် ပြန်မပို့ရန် ကုလသမဂ္ဂကျွမ်းကျင်သူ၊ Amnesty International နှင့် Reportes without Borders (RSF) အဖွဲ့များအပါအဝင် နိုင်ငံတကာအဖွဲ့ပေါင်း ၆၀ ခန့်က ထိုင်းအစိုးရကို တောင်းဆိုထားသည်။
Bai Zhaodong သည် သတင်းထောက်အဖြစ် ၂၅ နှစ်ကြာ လုပ်ကိုင်ခဲ့ပြီး ပေကျင်းအခြေစိုက် Caijing မဂ္ဂဇင်းတွင် နောက်ဆုံးလုပ်ကိုင်ခဲ့သူဖြစ်သည်။
၎င်းသည် တရုတ်အစိုးရ၏ စောင့်ကြည့်ခံရမှု၊ စစ်ဆေးမေးမြန်းမှု၊ သတင်းရေးသားမှုနှင့် ပတ်သက်၍ ရန်ပြုခံရမှုများကြောင့် ပြီးခဲ့သော ၂၀၂၃ ခုနှစ်ကတည်းက တရုတ်နိုင်ငံမှ ထွက်ပြေးခဲ့သည်။
တရုတ်အစိုးရ အရာရှိများ၏ အဂတိလိုက်စားမှု၊ ဘဏ္ဍာရေးလိမ်လည်မှုများနှင့် ပတ်သက်၍ စုံစမ်းဖော်ထုတ် ရေးသားခဲ့သူ ဖြစ်ပြီး ယင်းအမှုနှင့် ဆက်စပ်၍ ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ငွေညှစ်မှု စွပ်စွဲချက်ဖြင့် တရားစွဲခံခဲ့ရသည်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် Bai Zhaodong ကို ထိုင်းအစိုးရက ဖမ်းဆီးခဲ့ပြီး ဘန်ကောက်မြို့ရှိ Suan Phlu ထိန်းသိမ်းရေး စခန်းတွင် ထိန်းသိမ်းထားက တတိယနိုင်ငံသို့ ထွက်ခွာခွင့် ပိတ်ခဲ့သည်။
Bai Zhaodong သည် ငွေညှစ်မှုဖြင့် ဝရမ်းထုတ်ခံထားရသူဖြစ်သဖြင့် ပြန်လွှဲပေးရန် တရုတ်အစိုးရက ထိုင်းအစိုးရထံ တရားဝင် တောင်းဆိုခဲ့သည်။
Bai Zhaodong အား မီဒီယာလုပ်ငန်းကြောင့် မဟုတ်ဘဲ ရာဇဝတ်မှုကျူးလွန်ခဲ့သဖြင့် ဝရမ်းထုတ်ထားခြင်းဖြစ်ပြီး ၎င်းကို နိုင်ငံရေးအရ ပုံဖော်ထားခြင်းမရှိကြောင်း တရုတ်အစိုးရက ငြင်းဆိုသည်။
ထိန်းသိမ်းရေးစခန်းတွင် နေထိုင်စဉ် Bai Zhaodong သည် ကိုယ်အလေးချိန် ကျဆင်းလာပြီး စိတ်ဖိစီးမှု များနေသဖြင့် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု ရရှိရန် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၅၉ အဖွဲ့က တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် Bai Zhaodong ၏ လက်ရှိ အခြေအနေကို ထုတ်ပြန်ပေးရန်၊ တရုတ်နိုင်ငံသို့ လွှဲပြောင်းခြင်းမပြုရန်၊ တတိယနိုင်ငံသို့ လုံခြုံစွာ သွားခွင့်ပြုရန် တောင်းဆိုထားသည်။
ပြီးခဲ့သော မေလကလည်း ဟောင်ကောင် ဒီမိုကရေစီအရေးလှုပ်ရှားပြီး ပြည်ပတွင် နေထိုင်သော Zhang Xinyen ကို ထိုင်းအစိုးက ဖမ်းဆီးခဲ့သေးသည်။
Ref: REUTERS, Thai Enquirer, Prachatai







