ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် ဆယ်ကျော်သက် အမျိုးသမီးတစ်ဦး၏ အိတ်ကို ခိုးယူခဲ့သော မြန်မာနိုင်ငံသားကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးရာမှ စက်ဘီးပါ ခိုးယူထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ဇူလိုင်လ ၁၇ ရက်နေ့က ချင်းမိုင်မြို့ အမှတ် ၃ လမ်းရှိ ခုံပေါ်တွင်တင်ထားသော အိတ်ကို အမျိုးသားတစ်ဦးက ခိုးယူခဲ့ခြင်းဖြစ်ပြီး ယင်းအိတ်မှာ အသက် ၁၅ နှစ်အရွယ် ထိုင်းမိန်းကလေး ပိုင်ဆိုင်သော အိတ်ဖြစ်သည်။
မိန်းကလေးက ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ပြီး CCTV မှတ်တမ်းကို ခြေရာခံစစ်ဆေးရာမှ သံသယရှိသူ၏ အချက်အလက်များကို စုဆောင်းနိုင်ခဲ့သည်။
ယင်းနောက် ဇူလိုင်လ ၁၈ ရက်နေ့တွင် ရဲတပ်ဖွဲ့က ချင်းမိုင်မြို့ လမ်းမပေါ်၌ စက်ဘီးစီးနေသော သံသယရှိသူ အသက် ၄၅ နှစ်အရွယ် ကိုရဲမင်းကို ဖမ်းဆီးမိခဲ့ဟု သတင်းများအရ သိရသည်။
ကိုရဲမင်းကလည်း အိတ်ခိုးယူမှုကို ဝန်ခံခဲ့ပြီး အိတ်ထဲပါသွားသော ဖုန်းနှင့် အခြားပစ္စည်းများကို ပြန်လည်တွေ့ရှိခဲ့သည်။
ကိုရဲမင်းစီးလာသော စက်ဘီးသည်လည်း ယခင်က ခိုးယူခံရသဖြင့် တိုင်ကြားထားသော ပစ္စည်းဖြစ်နေပြီး ၎င်းကိုယ်တိုင်မှာ နေထိုင်ခွင့်အထောက်အထား စာရွက်စာတမ်းမရှိသူဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။
ထို့ကြောင့် ကိုရဲမင်းကို ချင်းမိုင်ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး အလစ်သုတ်ခိုးယူမှုများနှင့်အတူ တရားမဝင်နေထိုင်မှုဖြင့် အမှုဖွင့်ထားသည်။











