ကမ္ဘာ့ဖလားဗိုလ်လုပွဲက တကယ့်ကို ကြည့်ကောင်းခဲ့ပါတယ်။ အာဂျင်တီးနားရဲ့ Comeback ကို သိနေတဲ့ စပိန်ဟာ ပွဲကို ပါးပါးနပ်နပ်နဲ့ ထိန်းချုပ်သွားခဲ့တာပါ။
“နပ်တဲ့သူ ဆရာပဲ”ဆိုတဲ့အကွက်ကို စပိန် ထုတ်ပြသွားခဲ့ပါတယ်။ အီဂျစ်နဲ့ အင်္ဂလန်တို့ကို အာဂျင်တီးနားက Comeback ပုံစံမျိုး ပြန်လာနိုင်ခဲ့ပေမယ့် ဒီတစ်ကြိမ်တော့ သူတို့ လုပ်မပြနိုင်တော့ပါဘူး။
အီဂျစ်နဲ့ အင်္ဂလန်တို့ မှားတဲ့အမှားမျိုးကို စပိန်က ထပ်မမှားရအောင် စနစ်တကျပြင်ဆင်သွားခဲ့ပါတယ်။ မက်ဆီ ကို စနစ်တကျ ထိန်းချုပ်သွားနိုင်ခဲ့တာက စပိန်ရဲ့အားသာချက်ပါပဲ။
ယူရို ချန်ပီယံဖြစ်ပြီးရင် ကမ္ဘာ့ဖလားချန်ပီယံဖြစ်တယ်ဆိုတဲ့ ဖော်မြူလာ မှန်ကန်မှုကိုလည်း စပိန်က ဆက်လက် ထိန်းသိမ်းသွားနိုင်ခဲ့ပါတယ်။
မြောက်အမေရိကမြေမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွေဆိုရင် တောင်အမေရိကအသင်း ဗိုလ်စွဲတဲ့ အစဉ်အလာကိုလည်း စပိန်က ချေဖျက်သွားနိုင်ခဲ့ပါတယ်။ အာဂျင်တီးနားဟာ စပိန်ကို မယှဉ်နိုင်ခဲ့ပါဘူး။
ဆရာဖြစ်သူနဲ့ဆုံရင် ဆရာဖြစ်သူမှာ တစ်ကွက်ရှိသေးတယ်ဆိုတာကို စပိန်နည်းပြ ဒီလာဖွန်တေးက စပိန်နည်းပြ စကာလိုနီကို ထုတ်ပြသွားခဲ့တာပါ။
ဘောလုံးကိုင်ကစားနိုင်ပါတယ်ဆိုတဲ့ အာဂျင်တီးနားကို စပိန်က ဘောလုံးပိုင်ဆိုင်မှု ၆၈ ရာခိုင်နှုန်းအထိ ရယူပြီး စပိန်က ပညာပြသွားခဲ့ပါတယ်။ ဂိုးပေါက်ကန်ချက် ၃ ကြိမ်၊ ဂိုးပေါက်တည့်ကန်ချက် လုံးဝမရှိဆိုတာနဲ့တင် အာဂျင်တီးနားရဲ့အခြေအနေကို တွက်ဆနိုင်ပြီပဲဖြစ်ပါတယ်။
သာမန် ပွဲကစားချိန် မိနစ် ၉၀ ပြည့်တဲ့အထိ တစ်ဖက်နဲ့ တစ်ဖက် ဂိုးမသွင်းနိုင်ခဲ့လို့ အချိန်ပို ဆက်ကစားခဲ့ရပါတယ်။ အချိန်ပို ၁၀၆ မိနစ်ဆီအရောက်မှာ စပိန်အတွက် ဖာရန် တောရက်စ်က အဖိုးတန် တစ်လုံးတည်းသောဂိုးကို ရယူပေးသွားခဲ့တာပါ။
လက်ကျန်ပွဲချိန်တွေမှာ စပိန်က ပွဲကို ထိန်းကစားပြီး အနိုင်ရလဒ်နဲ့အတူ ကမ္ဘာ့ဖလားကို ဆွတ်ခူးကိုင်မြှောက်သွားနိုင်ခဲ့ပါတယ်။ ဘာစီလိုနာ ကျောနံပါတ် ၁၀ လက်ဟောင်းနဲ့ လက်သစ် ဆုံတဲ့ပွဲမှာ လက်သစ် ယာမယ်လ် က အနိုင်ရသွားတဲ့ပွဲပဲဖြစ်ပါတယ်။







