အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ဘောလုံးရာသီပြီးဆုံးဖို့ တစ်ပွဲအလိုမှာတင် အမှတ်ပေးချန်ပီယံအဖြစ် အောင်ပွဲခံသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။
ဘုန်းမောက်နဲ့ မန်စီးတီး တို့ တစ်ဖက်တစ်ဂိုးစီ သရေဖြစ်သွားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ အာဆင်နယ်က အမှတ်ပေးချန်ပီယံအဖြစ် အောင်ပွဲခံသွားနိုင်ခဲ့ပါတယ်။
၂၀၀၄ ခုနှစ်မှာ ရွှေဖလားချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပြီးတဲ့နောက် ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဆုနဲ ၂၂ နှစ်ကြာ ဝေးကွာခဲ့ရတဲ့ အာဆင်နယ်ဟာ ဒီရာသီမှာတော့ အကောင်းဆုံးပုံစံတစ်ရပ်နဲ့အတူ စိန်ခေါ်မှုတွေကို ကျော်ြဖတ်ပြီး ချန်ပီယံဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိသွားခဲ့တာဖြစ်ပါတယ်။











အာဆင်နယ်ဟာ လာမယ့်တနင်္ဂနွေနေ့ကိုရောက်ရင် ခရစ္စတယ်လ်ပဲလေ့စ်နဲ့ ရာသီသိမ်းပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပွဲမစခင်မှာ ချန်ပီယံအသင်းသားတွေအဖြစ် ဂုဏ်ပြုခြံရံကြိုဆိုမှုကို ပိုင်ဆိုင်ရရှိဖို့ ရှိနေပါတယ်။
အာဆင်နယ်ဟာ မန်စီးတီးကို အမှတ်ပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပြီးတဲ့နောက်မှ ရာသီသိမ်းခါနီးမှာ ရလဒ်တွေ ယိမ်းယိုင်သွားလို့ ဖိအားများခဲ့ရပြီး အဲ့ဒီလို စိန်ခေါ်မှုတွေကို ကျော်လွှားကာ ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့တာဖြစ်ပါတယ်။
အသင်းရဲ့ဂန္ထဝင်နည်းပြကြီး အာစင်ဝင်းဂါး ကလည်း ပရီးမီးယားလိဂ် ချန်ပီယံဆုကြီးကို တစ်ကျော့ပြန်လည် ဆွတ်ခူးရရှိခဲ့တဲ့အတွက် နည်းပြ အာတီတာနဲ့ အသင်းသားတွေကို ဂုဏ်ပြုစကားပြောကြားခဲ့ပါတယ်။
အာဆင်နယ်ဟာ ဧပြီလ ၃၀ ရက်နေ့ကိုရောက်ရင် ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် လက်ရှိချန်ပီယံအသင်းဖြစ်တဲ့ ပီအက်စ်ဂျီကို ရင်ဆိုင်ကစားရဖို့ ရှိနေပါတယ်။






