ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကျိုက်ထိုတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် လေးဦးထက်မနည်း သေဆုံး

June 19, 2026

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ချောင်းစောင့်ရွာကို စစ်အာဏာရှင်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်နှင့် အရပ်သား လေးဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောသည်။

ယမန်နေ့ ဇွန်လ ၁၈ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ချောင်းစောင့်ကျေးရွာထဲကို တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများ ကြဲချတိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

ရွာထဲရှိ စျေးဆိုင်တစ်ဆိုင်ပေါ်သို့ ဗုံးကျရောက်ပေါက်ကွဲရာတွင် စျေးဆိုင်ပိုင်ရှင် ဇနီးမောင်နှံအပြင် စျေးဝယ်သူအချို့နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့လည်း သေဆုံး၊ ဒဏ်ရာရခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်တစ်ဦးက ပြောဆိုသည်။

လေကြောင်းတိုက်ခိုက်ချိန် အဆိုပါဈေးဆိုင်တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ ခေတ္တရောက်ရှိနေချိန်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“တော်လှန်ရေးတပ်ဖွဲ့ဝင်တွေလည်း အဲဒီဆိုင်မှာ ရောက်ရှိနေတယ်။ အဲဒီချိန်မှာ ဗုံးလာကြဲချသွားတယ်။ ဆိုင်ရှင်လည်း ထိတယ်။ ဈေးလာဝယ်တဲ့လူတွေလည်း ထိတယ်။ လောလောဆယ် လေးယောက်တော့ သေဆုံးသွားတယ်လို့တော့ သိရတယ်” ဟု အထက်ပါ သတင်းအရင်းအမြစ်က ပြောသည်။

စစ်အာဏာရှင်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ချောင်းစောင့်ဒေသခံများ ဘေးလွတ်ရာသို့ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

သထုံခရိုင်အတွင်းရှိ ကျိုက်ထို၊ ဘီးလင်းမြို့နယ်တို့တွင် စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေပြီး အရပ်သား ထိခိုက်သေဆုံးမှုများရှိသည့်အပြင် သောင်းနှင့်ချီသည့် ဒေသခံတို့ကလည်း လေကြောင်း အန္တရာယ် ရင်ဆိုင်ကြုံတွေ့နေရသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်းကလည်း ကျိုက်ထိုမြို့နယ်အတွင်း စစ်အာဏာရှင်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာတော်များအပါအဝင် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။