ထားဝယ်ခရိုင်အတွင်း စက်သုံးဆီဈေးနှုန်း မြင့်တက်နေချိန်တွင် ရပ်နားထားသည့် ကမ်းနီးငါးဖမ်းလှေအချို့မှာ ယခု မေလဆန်းပိုင်းမှစ၍ ပြန်လည်ထွက်ကြသဖြင့် ရေထွက်ကုန်ပစ္စည်းအချို့ ဈေးပြန်ကျလာကြောင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများနှင့် ရေထွက်ကုန်ပစ္စည်း ရောင်းချသူများထံမှ သိရသည်။
အရှေ့အလယ်ပိုင်း စစ်ပွဲအရှိန်ကြောင့် ပြီးခဲ့သည့် မတ်လအတွင်းက ဒီဇယ်ဆီတစ်ပီပါလျှင် ကျပ်သိန်းနှစ်ဆယ်ကျော်အထိ ဈေးနှုန်းမြင့်တက်ခဲ့ရာမှ ယခု မေလပထမပတ်မှစ၍ ဒီဇယ်ဆီ တစ်ပီပါလျှင် ကျပ် ၁၃ သိန်းဝန်းကျင်အထိ ပြန်လည်ကျဆင်းလာခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ထားဝယ်ခရိုင်အတွင်းရှိ လောင်းလုံးနှင့် သရက်ချောင်းမြို့နယ်များမှ ကမ်းနီးငါးဖမ်းလှေများ ပြန်လည်ထွက်ခွာကြသဖြင့် ရေထွက်ကုန်ပစ္စည်းများ ဈေးနှုန်းပြန်ကျလာခြင်းဖြစ်ကြောင်း ထားဝယ်မြို့၊ အောင်တံခွန်ငါးဈေးရှိ ရေထွက်ကုန်ပစ္စည်း လက်လီလက်ကား ဖြန့်ဝေရောင်းချသူ အမျိုးသမီးတစ်ဦးက ပြောသည်။
“ငါးပုစွန်ဈေးတွေ အားလုံးပြန်ကျတယ်။ အဓိက လှေတွေလည်း ပြန်ထွက်လာတာရယ်၊ ငါးရကြလို့လည်း ပါပါတယ်” ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။
စက်သုံးဆီဈေးနှုန်း မြင့်တက်၍ ငါးဖမ်းလှေများ ရပ်နားထားချိန် ဧပြီလလယ်ပိုင်းက ထားဝယ်မုန့်လက်သုပ် ချက်ပြုတ်ရာတွင် အသုံးပြုသည့် ငါးဒွန်းခြင်းတစ်ပိဿာလျှင် ၂၃,၀၀၀ ကျပ်၊ ငါးကွန်းရှပ်တစ်ပိဿာလျှင် ၄၀,၀၀၀ ကျပ်နှင့် ပုစွန်ချောတစ်ပိဿာလျှင် ၆၀,၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်ခဲ့ခြင်း ဖြစ်သည်။
ယခုမေလလယ်ပိုင်းတွင်မူ ငါးဒွန်းခြင်းတစ်ပိဿာလျှင် ၁၂,၀၀၀ ကျပ်၊ ငါးကွန်းရှပ်တစ်ပိဿာလျှင် ၃၀,၀၀၀ ကျပ်နှင့် ပုစွန်ချောတစ်ပိဿာလျှင် ၄၅,၀၀၀ ကျပ်သို့ ဈေးနှုန်းပြန်လည် ကျဆင်းသွားခဲ့သည်။
သို့သော် စက်သုံးဆီဈေးနှုန်း ပြန်လည်ကျဆင်းလာသော်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်က ထားဝယ်ဈေးကွက်အတွင်း စက်သုံးဆီတစ်ပီပါဈေးနှုန်းမှာ ၆၈၀,၀၀၀ ကျပ်ဝန်းကျင်ခန့်သာ ရှိခဲ့သဖြင့် ယခုဈေးနှုန်းမှာ ထက်ဝက်ကျော်ခန့် မြင့်တက်နေဆဲဖြစ်ကြောင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
“လှေကတော့ သုံးခေါက် (သုံးရာသီ) နားလိုက်ရတယ်။ အခုတော့ ပြန်ထွက်နေပါပြီ” ဟု လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာရှိ ကမ်းနီးငါးဖမ်းလှေ လုပ်ငန်းရှင်အမျိုးသမီးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် အမေရိကန်၊ အစ္စရေးနှင့် အီရန် စစ်ပွဲဂယက်ကြောင့် မြန်မာနိုင်ငံတစ်ဝန်းနှင့် ထားဝယ်ဈေးကွက်အတွင်း ဒီဇယ်ဆီတစ်ပီပါလျှင် ကျပ်သိန်းနှစ်ဆယ်အထက်နှင့် ဓာတ်ဆီတစ်ပီပါလျှင် ကျပ်သိန်းသုံးဆယ်အထက် မြင့်တက်ခဲ့ကြောင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများနှင့် စက်သုံးဆီ လက်လီလက်ကား ဖြန့်ဝေရောင်းချသူများထံမှ စုံစမ်းသိရသည်။







