ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဆယ်ကျော်သက် ထိုင်းလူငယ်များကို ရိုက်နှက်ခဲ့သည့် မြန်မာလူငယ်အုပ်စု ဖမ်းဆီးခံရ

May 19, 2026

Ref: Khaosod English, Amarin TV, Top News

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ ပတ္တယားမြို့တွင် ဆယ်ကျော်သက် ထိုင်းနိုင်ငံသား လူငယ်များကို ရိုက်နှက်ခဲ့သည်ဟုဆိုကာ မြန်မာလူငယ်အဖွဲ့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

မေလ ၁၆ ရက်နေ့ညက ချွန်ဘူရီခရိုင်၊ ဘန်းလမောင်းဒေသရှိ လမ်းပေါ်တွင် အသက် ၁၅ နှစ်အရွယ် ထိုင်းလူငယ်သုံးဦးကို မြန်မာလူငယ်အုပ်စုက ရိုက်နှက်ခဲ့မှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့အပါအဝင် ထိုင်းမျိုးချစ်အဖွဲ့ကပါ လိုက်လံရှာဖွေ ဖမ်းဆီးနေခြင်း ဖြစ်သည်။

အဆိုပါ ရိုက်နှက်မှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က မြန်မာလူငယ် ၅ ဦးကို ခြေရာခံလိုက်လံဖမ်းဆီးရာမှ မေလ ၁၈ ရက်နေ့ညက စီရာချာ (Si Racha) ဒေသရှိ ၎င်းတို့၏ နေအိမ်အခန်းအတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

ဖမ်းဆီးခံရသည့် မြန်မာလူငယ်များမှာ အသက် ၂၀ မှ ၂၅ နှစ်အရွယ်များ ဖြစ်ကြပြီး ထိုင်းလူငယ်ကို ရိုက်နှက်ခဲ့မှုအတွက် ဝန်ခံထားဟုဆိုသည်။

သို့ရာတွင် ခိုက်ရန်မဖြစ်ပွားမီ ထိုင်းလူငယ်က မြန်မာလူငယ်တစ်ဦးကို သေနတ်ဖြင့် အရင်ခြိမ်းခြောက်ခဲ့ပြီး မြန်မာလူငယ်၏ ဖိနပ်ကို ချွတ်ပေးရန် အကျပ်ကိုင်ခဲ့ကြောင်း မြန်မာလူငယ်များက ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားသည်။ ယင်းနောက်ပိုင်းမှ မြန်မာလူငယ်၏ သူငယ်ချင်းများ ရောက်ရှိလာပြီး ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုထားသည်။

၎င်းတို့၏ ထွက်ဆိုချက်များ မှန်ကန်မှု ရှိမရှိကို စီစီတီဗီ (CCTV) မှတ်တမ်းများ၌ ပြန်လည်စစ်ဆေးပေးရန် မြန်မာလူငယ်များက ရဲတပ်ဖွဲ့ထံ တောင်းဆိုထားပြီး ၎င်းတို့ကိုယ်တိုင်ကလည်း ကနဦး ခြိမ်းခြောက်မှုကို ခံခဲ့ရကြောင်း လျှောက်လဲထားသည်။

ရဲတပ်ဖွဲ့က မြန်မာလူငယ်အုပ်စုနှင့် ထိုင်းလူငယ် နှစ်ဖက်စလုံးကို စစ်ဆေးမေးမြန်းသွားမည်ဖြစ်ပြီး အမှုနှင့် ပတ်သက်၍ ဆက်လက်စုံစမ်းစစ်ဆေးကာ အကယ်၍ ပြစ်မှုကျူးလွန်ကြောင်း တွေ့ရှိပါက နှစ်ဖက်စလုံးကို ဥပဒေအရ မျှမျှတတ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

မြန်မာလူငယ်အုပ်စုကို ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ လိုက်လံကူညီပေးခဲ့သော ထိုင်းမျိုးချစ်အဖွဲ့ကလည်း ရဲတပ်ဖွဲ့ကို ကျေးဇူးတင်စကား ပြောကြားထားသည်။