ရုရှားနှင့် တရုတ်နိုင်ငံတို့သည် နိုင်ငံစည်းလုံးညီညွတ်ရေးနှင့် အချုပ်အခြာအာဏာ ထိန်းသိမ်းကာကွယ်ရေး အပါအဝင် ကဏ္ဍပေါင်းစုံ၌ နှစ်နိုင်ငံ အပြန်အလှန် ပံ့ပိုးကူညီသွားကြရန် အသင့်ရှိကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားလိုက်သည်။
အင်္ဂါနေ့တွင် စတင်မည့် ၎င်း၏ တရုတ်နိုင်ငံခရီးစဉ်မတိုင်မီ သမ္မတပူတင်က ဗီဒီယိုမိန့်ခွန်းတစ်ခု၌ ယင်းသို့ ထည့်သွင်းပြောကြားလိုက်ခြင်း ဖြစ်သည်။ ခရီးစဉ်အတွင်း ဗုဒ္ဓဟူးနေ့တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ပူတင်တို့ တွေ့ဆုံဆွေးနွေးကြရန် စီစဉ်ထားသည်။
ရုရှားနှင့် တရုတ် နှစ်နိုင်ငံဆက်ဆံရေးသည် အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှုအပိုင်း၌ မကြုံစဖူးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သမ္မတပူတင်က ဆိုသည်။ ထို့ပြင် ရုရှားနှင့် တရုတ်နိုင်ငံတို့သည် စီးပွားရေး၊ နိုင်ငံရေးနှင့် ကာကွယ်ရေးကဏ္ဍများတွင် ဆက်ဆံရေးကို တက်ကြွစွာ တိုးချဲ့လျက်ရှိကြောင်း ၎င်းက ပြောသည်။
အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့်အပြင် တန်းတူညီမျှမှုရှိသော အခြေခံမူများပေါ်တွင် ပူးပေါင်းဆောင်ရွက်ရန် နှစ်နိုင်ငံစလုံးက အသင့်ရှိနေကြကြောင်း ၎င်းက ဆိုသည်။
“ကျွန်တော်တို့ဟာ ဘယ်သူ့ကိုမှ ဆန့်ကျင်ဘက်ပြုဖို့ မဟာမိတ်ဖွဲ့နေတာမဟုတ်ဘဲ ငြိမ်းချမ်းရေးနဲ့ ကမ္ဘာလုံးဆိုင်ရာ သာယာဝပြောရေးအတွက်သာ လုပ်ဆောင်နေတာဖြစ်ပါတယ်” ဟု သမ္မတပူတင်က ပြောကြားခဲ့သည်။
အချုပ်အခြာအာဏာနှင့် နိုင်ငံစည်းလုံးညီညွတ်မှုကို ကာကွယ်ရေးအပါအဝင် နှစ်နိုင်ငံစလုံး၏ အဓိကအကျိုးစီးပွားများကို သက်ရောက်စေမည့် ကိစ္စရပ်များတွင် အပြန်အလှန် ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း သမ္မတပူတင်က ဆိုသည်။ သို့ရာတွင် ယင်းနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပေ။
မော်စကိုနှင့် ဘေဂျင်းအကြား နီးကပ်သည့် မဟာဗျူဟာမြောက် ချိတ်ဆက်မှုက ကမ္ဘာ့အခင်းအကျင်း တည်ငြိမ်မှုရရှိစေမည့် အခန်းကဏ္ဍမှ ပါဝင်နေကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
Ref: Reuters







