ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဟာ ကမ္ဘာ့ဖလားသမိုင်းမှာ တစ်ကြိမ်တစ်ခါမှ မရှိခဲ့ဖူးတဲ့ ချန်ပီယံလက်စွပ် (Championship Ring) ချီးမြှင့်မှုကို လက်ရှိ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲထဲ ထည့်သွင်းလိုက်ပြီဖြစ်ပါတယ်။
တကယ်က ဖီဖာ ဟာ တစ်ဖက်မှာ လက်စွပ်ရောင်းချပြီး ငွေရှာဖို့လည်း လမ်းတစ်ခု ခင်းထားပြီးသားပါ။ ဒါကြောင့် ကမ္ဘာ့ဖလား ချန်ပီယံဖြစ်တဲ့အသင်းက အသင်းသားတွေအားလုံးဟာ “အထူးထုတ်လုပ်ထားတဲ့ ချန်ပီယံလက်စွပ်” တွေ ရရှိကြတော့မှာပဲဖြစ်ပါတယ်။
💍 ချန်ပီယံလက်စွပ်အကြောင်း သိကောင်းစရာများ
သမိုင်း အစပျိုးခြင်း: ဒါဟာ ဖီဖာ ကနေ ကြီးမှူးကျင်းပတဲ့ ပြိုင်ပွဲတွေထဲမှာ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ပေးအပ်ချီးမြှင့်တဲ့ ချန်ပီယံလက်စွပ်တွေ ဖြစ်လာပါလိမ့်မယ်။ အမေရိကန် အားကစားလောကရဲ့ ရိုးရာတစ်ခုဖြစ်တဲ့ ချန်ပီယံလက်စွပ်ဓလေ့ကို ကမ္ဘာ့ဘောလုံးလောကဆီ ဖီဖာက သယ်ဆောင်လိုက်တာပါ။
ကန့်သတ်ထုတ်လုပ်မှု: ဒီလက်စွပ်တွေကို လက်စွပ်အကွင်းရေပေါင်း ၂,၀၂၆ ခုသာ ပုံဖော်ဖန်တီး သွန်းလုပ်သွားမှာပါ။ အနိုင်ရရှိတဲ့ အသင်းသားတွေအတွက် လက်စွပ်အကွင်းရေ ၃၀ ကို သီးသန့်ထားရှိမှာဖြစ်ပြီး ကျန်ရှိတဲ့ လက်စွပ်အကွင်းရေ ၁,၉၉၆ ခုကိုတော့ ကမ္ဘာတစ်ဝန်းက ဘောလုံးပရိသတ်တွေ ရရှိနိုင်အောင် စီစဉ်ပေးသွားမှာဖြစ်တယ်လို့ ဖီဖာ က အသိပေးထားပါတယ်။ ပြောရမယ်ဆိုရင် ဖီဖာ ဟာ အဲ့ဒီလက်စွပ်အကွင်းရေ ၁,၉၉၆ ခုကို တန်ကြေးတစ်ရပ်နဲ့ အမှတ်တရပစ္စည်းအဖြစ် ရောင်းထုတ်သွားဖို့ စီစဉ်ထားတာပါ။
လက်စွပ်ဒီဇိုင်း: လက်စွပ်ရဲ့ တစ်ဖက်မှာတော့ ကမ္ဘာ့ဖလားချန်ပီယံ ဆုဖလားကို ခန့်ညားစွာ ထွင်းထုထားမှာ ဖြစ်ပြီး အခြားတစ်ဖက်မှာတော့ အနိုင်ရရှိတဲ့အသင်းရဲ့ အမှတ်အသားနဲ့ အထူးဒီဇိုင်းကို ထည့်သွင်းပေးသွားမယ်လို့ ဆိုပါတယ်။ လက်စွပ်တိုင်းမှာ အမှတ်စဉ် ကိုယ်ပိုင်နံပါတ် (Individually Numbered) ပါရှိမှာဖြစ်သလို ပိုင်ရှင်အတွက် အထူးတိုင်းတာ ပြုလုပ်ပေးမယ့်အပြင် တရားဝင် အသိအမှတ်ပြု လက်မှတ် (Certificate of Authenticity) ပါ တစ်ပါတည်း ပေးအပ်သွားမှာ ဖြစ်ပါတယ်။
ပေးအပ်မည့် အချိန်အခါ: ဖိုင်နယ်ပွဲစဉ် ပြီးဆုံးပြီးတဲ့အခါမှာတော့ အနိုင်ရအသင်းရဲ့ အသင်းခေါင်းဆောင်နဲ့ နည်းပြချုပ်တို့ကို အမှတ်တရအနေနဲ့ ယာယီလက်စွပ်တွေကို ချက်ချင်း ပေးအပ်သွားမှာပါ။ အဲ့ဒီနောက်မှသာ ကမ္ဘာ့ဖလားချန်ပီယံအသင်းရဲ့ ကျန်ရှိနေတဲ့ ကစားသမားတွေအတွက် လက်စွပ်တွေကို သူတို့တစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်ပုံစံအတိုင်း အပြီးသတ်ပြုပြင်ကာ နောက်ပိုင်းကာလတစ်ခုမှာ တရားဝင် ထပ်မံပေးအပ်သွားမှာ ဖြစ်ပါတယ်။
ဘောလုံးလောကရဲ့ ဂုဏ်အရှိဆုံး ဆုတံဆိပ်တစ်ခုအဖြစ် ပေါ်ထွက်လာတော့မယ့် ဒီလက်စွပ်တွေဟာ ဘောလုံးသမားတွေအတွက်သာမက ပရိသတ်တွေအတွက်ပါ အဖိုးတန် အမှတ်တရ ဖြစ်လာမှာ အသေအချာပဲဖြစ်တယ်လို့ ဖီဖာက ပြောကြားထားပါတယ်။







