မွန်ပြည်နယ်တောင်ပိုင်း ရေးချောင်းဖျားဒေသရှိ စစ်ဘေးရှောင်များနေထိုင်သည့် နေရာကို စစ်အာဏာရှင်တပ်က ယနေ့ ဇွန်လ ၁၈ ရက် နံနက် ၁နာရီခန့်တွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံများက ပြောသည်။
ဗုံးကြဲခံရသည့်နေရာသည် စစ်ဘေးရှောင်ဒုက္ခသည်များအတွက် ဂျပန်အစိုးရအကူအညီဖြင့် ၂၀၁၃ ခုနှစ်တွင် အိမ်ရာ တည်ဆောက်ပေးထားသည့် နေရာဖြစ်သည်။ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေတွင်ရှိသည့် အဆိုပါအိမ်ရာတွင် အိမ်ခြေ ၇၀ ကျော်ရှိသည်။
စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်မှုကြောင့် နေအိမ်အဆောက်အအုံ အများအပြား ထိခိုက်ပျက်စီးကြောင်း ဒေသခံများက ဆိုသည်။
“အိမ်တွေကတော့ အားလုံးနီးပါး ထိခိုက်ပျက်သွားတယ်။ လူတွေ ထိတာတော့ မရှိဘူးလို့ ကနဦး သိရတယ်။ အဲဒီနေရာက ဒုက္ခသည်တွေ နေတဲ့နေရာဖြစ်တယ်” ဟု ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။
ရေးချောင်းဖျားဒေသဘက်တွင် စစ်ရေးအခြေအနေ မတည်ငြိမ်မှုကြောင့် ဒေသခံများ ဘေးလွတ်ရာ တိမ်းရှောင်နေကြသည့် အတွက် လေကြောင်း တိုက်ခိုက်မှုတွင် လူထိခိုက်မှု မရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။



စစ်အာဏာရှင်တပ်က ရေးချောင်းဖျားဒေသကို ဇွန်လ ၃ ရက် နံနက် ၁ နာရီဝန်းကျင်ကလည်း လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး နှစ်လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပြီး အရပ်သား သေဆုံးမှု ရှိခဲ့သလို နေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့သည်။
အလားတူ မေလ ၂၇ ရက်နေ့ နံနက် ၁ နာရီခန့်ကလည်း ရေးမြို့နယ်အတွင်း လှုပ်ရှားနေသည့် ရေးဘီလူးတပ်စခန်းကို စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့သည်။
ယင်းသို့ တိုက်ခိုက်ခံရမှုကြောင့် ရေးဘီလူးတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
စစ်တပ်က ရေးချောင်းဖျားဒေသဘက်ကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသလို ဝေဟင် ကင်းထောက်မှုများလည်း ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
စစ်အာဏာရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို ကြောက်ရွံ့ပြီး ရေးချောင်းဖျားဒေသက အရပ်သားပြည်သူ တစ်ထောင်ကျော် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း ဒေသခံများက ဆိုသည်။







