စစ်ပွဲအဆုံးသတ်ရေးအတွက် နှစ်နိုင်ငံသမ္မတများ လက်မှတ်ရေးထိုးခဲ့ကြသည့် ယာယီသဘောတူညီချက်စာသားကို အမေရိကန်နှင့် အီရန်တို့က ဇွန်လ ၁၇ ရက်နေ့က ထုတ်ပြန်လိုက်သည်။
တချိန်တည်းမှာပင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အီရန်အနေဖြင့် ကတိကဝတ်များကို လိုက်နာရန် ပျက်ကွက်ပါက တိုက်ခိုက်မှုများ ပြန်စတင်ပြီး အီရန်အရာရှိများကို သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။
“သဘောတူညီချက်ကို သူတို့ ချိုးဖောက်ရင် သူတို့ကို ကျွန်တော်တို့ ဗုံးကြဲပြီး အပြတ်ရှင်းမှာပါ”ဟု အီရန်နှင့်ပတ်သက်၍ သမ္မတထရမ့်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
အီရန်အနေဖြင့် ပဲ့ထိန်းဒုံးကျည်များ မပိုင်ဆိုင်ထားလျှင် မတရားရာရောက်မည်ဟု သမ္မတထရမ့်က ပြောသည်။
ယင်းမှာ အီရန်ကို အမေရိကန်က ဦးစွာပထမ တိုက်ခိုက်ခဲ့ရသည့် ၎င်း၏ အကြောင်းပြချက်များအနက်မှ တစ်ချက်ကို ပြန်ရုတ်သိမ်းလိုက်ခြင်း ဖြစ်သည်။
အီရန်၏ ပဲ့ထိန်းဒုံးကျည်များကို အမြစ်ပြတ်ချေမှုန်းပစ်မည်ဟု သမ္မတထရမ့်က ယခင်က ကတိပြုပြောဆိုခဲ့ဖူးသည်။
အမေရိကန်နှင့် သဘောတူညီချက်နှင့် ပတ်သက်၍ “စစ်ရေးအရ အရေးယူဆောင်ရွက်မှုကတစ်ဆင့် ကျွန်တော်တို့ ရရှိဖို့ ကြိုးပမ်းခဲ့သမျှ အရာအားလုံးကို ညှိနှိုင်းဆွေးနွေးမှုကနေတစ်ဆင့်အဆပေါင်းများစွာ ပိုမိုရရှိခဲ့ပါတယ်။ ဒါဟာ နှိုင်းယှဉ်လို့တောင် မရပါဘူး” ဟု အီရန်ဘက်မှ အဓိကညှိနှိုင်းဆွေးနွေးရေးမှူး မိုဟာမက်ဘာကာကာလီဘတ်က နိုင်ငံပိုင်ရုပ်မြင်သံကြားသို့ ပြောကြားခဲ့သည်။
ယခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်အပေါ် စစ်ပွဲဆင်နွှဲခဲ့ပြီး ပထမဆုံးနေ့၌ပင် အသက် ၈၆ နှစ်အရွယ် အီရန်ထိပ်သီးခေါင်းဆောင် အယာတိုလာ အလီခါမေနီနှင့် အီရန်စစ်ဘက်ခေါင်းဆောင်များကို လုပ်ကြံသတ်ဖြတ်နိုင်ခဲ့သည်။
ယင်းစစ်ပွဲသည် အရှေ့အလယ်ပိုင်းဒေသတွင်းပဋိပက္ခအဖြစ်သို့ လျင်မြန်စွာ ကူးစက်ကျယ်ပြန့်သွားခဲ့ပြီး အီရန်နှင့် လက်ဘနွန်နိုင်ငံတို့တွင် လူပေါင်း ၇၀၀၀ ကျော် သေဆုံးခဲ့သည်။
စစ်ပွဲ၏ ဂယက်ကြောင့် စွမ်းအင်စျေးနှုန်းများ မြင့်တက်လာခဲ့ပြီး ငွေကြေးဖောင်းပွမှုဖိအားများ တကျော့ပြန် ဖြစ်ပေါ်စေခဲ့ကာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကြီးမားသော စားနပ်ရိက္ခာအကျပ်အတည်းဆိုက်မည့်အရေး စိုးရိမ်မှု မြင့်တက်စေခဲ့သည်။
အမေရိကန်နှင့် အီရန်အကြား အချက် ၁၄ ချက်ပါ သဘောတူညီချက်သည် နောက်ဆုံးအဆင့် အပစ်အခတ်ရပ်စဲရေးကို ညှိနှိုင်းနိုင်ရန်အတွက် ဧပြီလက အပစ်ရပ်သဘောတူညီချက်ကို နောက်ထပ် ရက်ပေါင်း ၆၀ အထိ သက်တမ်းတိုးလိုက်ခြင်း ဖြစ်သည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် အီရန်သမ္မတ မာဆုဒ်ပီဇက်ရှ်ကီယန်တို့ နှစ်ဦးစလုံးက အင်္ဂလိပ်ဘာသာနှင့် ပါရှန်းဘာသာဖြင့် ရေးသားထားသည့် နားလည်မှုစာချွန်လွှာကို ဒီဂျစ်တယ်စနစ်ဖြင့် လက်မှတ်ရေးထိုးခဲ့ကြကြောင်း အမေရိကန်နှင့် အီရန်အရာရှိများက ပြောကြားခဲ့ပြီးနောက် အဆိုပါ သဘောတူညီချက်သည် ဗုဒ္ဓဟူးနေ့မှစတင်၍ အသက်ဝင်နေပြီဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
Source: Reuters







