ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဂိုးသမား ဗိုဇင်ညာရဲ့မိခင် ကမ္ဘာ့ဖလားပွဲလာကြည့်နိုင်ဖို့ အမေရိကန်အစိုးရ အရေးပေါ်စီစဉ်ပေး

June 18, 2026

အမေရိကန်အစိုးရက ကိပ်ဗာဒီအသင်းရဲ့ ဂိုးသမား ဗိုဇင်ညာရဲ့မိခင်ကို အထူးကင်းလွတ်မိန့်နဲ့ ဗီဇာစီစဉ်ပေးပြီး သားဖြစ်သူရဲ့ အုပ်စုဒုတိယပွဲစဉ်ကိုလာရောက် ကြည့်ရှုနိုင်အောင် အရေးပေါ်စီစဉ်ပေးနေပြီလို့ သိရှိရပါတယ်။

လက်ရှိ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးရဲ့ အစောပိုင်း ကာလမှာတင် တစ်ကမ္ဘာလုံးကို လှုပ်ခတ်သွားစေခဲ့တဲ့ ကိပ်ဗာဒီအသင်းရဲ့ ဂိုးသမား ဗိုဇင်ညာ နဲ့ သူ့မိခင်ရဲ့ စိတ်မကောင်းဖွယ် ဇာတ်လမ်းကို ကြားသိလိုက်ရပြီးတဲ့နောက် အခုလိုအစီအစဉ်တွေ ဖြစ်ပေါ်လာတာပါ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ကနေ ဂိုးသမား ဗိုဇင်ညာရဲ့ မိခင်ဖြစ်သူ အန်နာ ကန်ဒီဒါ အီဗိုရာ ကို အမေရိကန်ပြည်ထောင်စုဆီ လာရောက်နိုင်ဖို့အတွက် လိုအပ်တဲ့ ခရီးသွားလာခွင့် စာရွက်စာတမ်းတွေ ရရှိအောင် ကူညီဆောင်ရွက်ပေးနေပြီလို့ တရားဝင် ထုတ်ဖော်အသိပေးလိုက်ပါတယ်။

အမေရိကန်အစိုးရကပါ ဒီလို ပါဝင်အားဖြည့်ကူညီပေးရတဲ့ အကြောင်းရင်းကတော့ လွန်ခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့တုန်းက ကျင်းပခဲ့တဲ့ အုပ်စု H အဖွင့်ပွဲစဉ်နဲ့ သက်ဆိုင်နေပါတယ်။ လူဦးရေ ငါးသိန်းခွဲပဲရှိတဲ့ ကိပ်ဗာဒီအသင်းဟာ လက်ရှိဥရောပချန်ပီယံ စပိန်အသင်းကို ဂိုးမရှိ သရေကစားပြီး ကမ္ဘာ့ဖလားပွဲဦးထွက်မှာ သမိုင်းဝင် မှတ်တမ်းကို ရေးထိုးသွားခဲ့ပါတယ်။

ဒီပွဲမှာ အသက် ၄၀ အရွယ်၊ လက်ရှိမှာ ကလပ်အသင်း လက်မဲ့၊ အန်ဂိုလာ၊ မော်လ်ဒိုဗာ၊ ဆိုက်ပရပ်စ်နဲ့ ဆလိုဗက်ကီးယား လိဂ်တွေမှာပဲ ဘဝကို ရုန်းကန်ခဲ့ရတဲ့ ဂိုးသမား ဗိုဇင်ညာ က စပိန်အသင်းရဲ့ ဂိုးပေါက်တည့်ကန်ချက် ၇ ကြိမ်ကို လက်စွမ်းပြကာကွယ်ပြီး ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။

ဒါပေမဲ့ ပွဲအပြီး ဝီစီမှုတ်လိုက်တဲ့အချိန်မှာ ဗိုဇင်ညာ က အောင်ပွဲခံရမယ့်အစား ကွင်းထဲမှာ ထိုင်ငိုနေခဲ့ပါတယ်။ သူ ငိုနေခဲ့တာက ပွဲရလဒ်ကြောင့် မဟုတ်ပါဘူး။ သူ့ရဲ့မိခင်ဖြစ်သူ အမေရိကန်ပြည်ထောင်စုဆီကို လာရောက်ဖို့အတွက် ဗီဇာလျှောက်ထားမှု လုပ်ငန်းစဉ်တွေနဲ့ ကုန်ကျစရိတ်တွေကို မတတ်နိုင်ခဲ့တာကြောင့် အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ပြီး လာရောက်အားပေးခွင့် မရခဲ့လို့ပဲ ဖြစ်ပါတယ်။

သူဟာ အသက် ၂၅ နှစ်အရွယ်ကိုရောက်မှ ဘောလုံးလောကထဲကို စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ပေါ်တူဂီ ဒုတိယတန်းကလပ် GD Chaves နဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားလို့ စာချုပ်မရှိတဲ့ ကလပ်အသင်းလက်မဲ့ကစားသမားအဖြစ်နဲ့ ကမ္ဘာ့ဖလားကို လာကစားရင်း ကမ္ဘာကျော်သွားခဲ့တာပါ။

ဆင်းရဲပင်ပန်းမှုတွေကြားကနေ ကမ္ဘာ့ဖလားစင်မြင့်ထက်အထိ နိုင်ငံဂုဏ်ဆောင်နိုင်ခဲ့တဲ့ သားဖြစ်သူ ဗိုဇင်ညာရဲ့ ပွဲစဉ်တွေကို မိခင်ဖြစ်သူ ကိုယ်တိုင် အမေရိကန်မြေပေါ်မှာ ကွင်းထဲကနေ အမြန်ဆုံး အားပေးခွင့်ရတော့မှာဖြစ်လို့ ဒါဟာ ဗိုဇင်ညာအတွက်ရော ဗိုဇင်ညာရဲ့မိခင်အတွက်ပါ တကယ့်ကို ဝမ်းသာစရာပါပဲ။

အမေရိကန်အစိုးရဟာ အန္တရာယ်ရှိတဲ့ နိုင်ငံတွေ ဒါမှမဟုတ် စီးပွားရေးမကောင်းတဲ့ နိုင်ငံတွေက လာမယ့်သူတွေကို အမေရိကန်မြေပေါ် ရောက်ရင် တရားမဝင် ခိုလှုံနေထိုင်တာမျိုး မလုပ်ပါဘူးဆိုတာ သက်သေပြဖို့အတွက် ဗီဇာအာမခံကြေး အဖြစ် အမေရိကန်ဒေါ်လာ ထောင်ချီ (တစ်ခါတလေ သောင်းချီ) အာမခံငွေ တင်ခိုင်းတတ်ပါတယ်။ ဒါကို ဆင်းရဲတဲ့ ဗိုဇင်ညာတို့မိသားစုက မတတ်နိုင်ခဲ့လို့ ဗိုဇင်ညာရဲ့အမေဟာ အမေရိကန်ပြည်ထောင်စုဆီ လိုက်မလာနိုင်ခဲ့တာပါ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ”လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထူးခွင့်ပြုချက်” ဒါမှမဟုတ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ “အထူးကင်းလွတ်ခွင့် အမိန့်” တစ်ခုခုကို သုံးပြီး ခေါ်ဖို့ လုပ်နေတာပါ။

ဒီစနစ်က ငွေကြေးမတတ်နိုင်တဲ့ အာမခံကြေးကို ပေးစရာမလိုအောင် ကင်းလွတ်ခွင့် ပေးလိုက်ပြီး ခရီးသွားလာခွင့်အတွက် လိုအပ်တဲ့ အထူးစာရွက်စာတမ်းတွေကို အစိုးရကိုယ်တိုင်က ထုတ်ပေးတဲ့ နည်းလမ်းဖြစ်ပါတယ်။

ပြောရမယ်ဆိုရင် ငွေကြေးမတတ်နိုင်လို့ ဗီဇာအာမခံကြေး မပေးနိုင်တဲ့ ဗိုဇင်ညာရဲ့အမေကို အမေရိကန်အစိုးရက အထူးစနစ်နဲ့ ကင်းလွတ်ခွင့်ပေးပြီး ပြည်ဝင်ခွင့်ရအောင် စီမံပေးဖို့ လုပ်ဆောင်လိုက်တာပဲဖြစ်ပါတယ်။