ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကမ္ဘာ့ဖလားရဲ့ ရေသောက်ရပ်နားချိန် ဘယ်သူ့အကျိုးစီးပွားအတွက်လဲ

June 18, 2026

အခုကျင်းပနေတဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ ဖီဖာ က မြောက်အမေရိကရဲ့ ပြင်းထန်တဲ့ အပူဒဏ်ကို အကြောင်းပြပြီး ပွဲတိုင်းမှာ မဖြစ်မနေ “ရေသောက်ရပ်နားချိန်” ပေးရမယ်ဆိုတဲ့ စနစ်သစ်တစ်ခုကို မိတ်ဆက်ထားတာ အားလုံးအသိပါပဲ။ ဒီစနစ်အရ ပွဲချိန် ၂၅ မိနစ် ကစားပြီးတိုင်းမှာ ကစားသမားတွေ ရေဓာတ်ဖြည့်တင်းဖို့အတွက် ပွဲကို ၃ မိနစ်ကြာ ရပ်နားပေးရပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ဒါးလပ်စ်မြို့မှာ ကစားခဲ့တဲ့ ပွဲစဉ်တစ်ခုမှာတော့ တကယ့်ကို ထူးဆန်းပြီး ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန်ခံရတဲ့ဖြစ်စဉ်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။

တကယ်က ဒါးလပ်စ်မြို့မှာ အဲ့ဒီနေ့ မနက်ပိုင်းကတည်းက မိုးက သည်းသည်းမည်းမည်း ရွာနေခဲ့တာပါ။ တစ်နေ့လုံး မိုးရွာမယ်လို့ကို မိုးလေဝသနဲ့ ဇလဗေဒက သတင်းထုတ်ပြန်ပေးထားခဲ့ပါတယ်။ ဒါတင် မကသေးပါဘူး။ ကွင်းကြီးရဲ့ အမိုးကိုလည်း လုံအောင် ပိတ်ထားခဲ့ပါတယ်။

ကွင်းထဲမှာလည်း အဲကွန်းစနစ်ကို ဘယ်လောက်တောင် ကောင်းမွန်အောင် ဖွင့်ပေးထားလဲဆိုရင် Hoodie အနွေးထည်အထူကြီးတွေကို သက်တောင့်သက်သာ ဝတ်ထားလို့ရတဲ့အထိကို အေးစိမ့်နေခဲ့တာပါ။ တကယ်တော့ ဒီအားကစားကွင်းကြီးဟာ ၂၅ မိနစ်ပြည့်တိုင်း ဘယ်သူမှ ရေသောက်ဖို့ မလိုအောင်ကို အထူးသီးသန့် ဒီဇိုင်းဆွဲ တည်ဆောက်ထားတာ ဖြစ်ပါတယ်။

ဒါပေမဲ့… ဘာဖြစ်ခဲ့ပါသလဲ။ ပွဲကတော့ ထုံးစံအတိုင်းပဲ ၂၅ မိနစ်ပြည့်တာနဲ့ ရေသောက်ရပ်နားချိန်ဆိုပြီး မဖြစ်မနေ ရပ်ပစ်လိုက်တာပါပဲ။

တကယ်တော့ အမေရိကန်ပြည်ထောင်စုရဲ့ အဓိက အားကစားနည်းတွေဖြစ်တဲ့ American Football၊ ဘတ်စကက်ဘောနဲ့ ဟော်ကီ ပြိုင်ပွဲတွေအားလုံးဟာ ကစားချိန်ကို လေးပိုင်း (Four quarters) ပိုင်းပြီး ကစားကြတာပါ။

အခုလည်း ဘောလုံးအားကစားနည်းဟာ ရုပ်သံကြော်ငြာတွေ စနစ်တကျ ညှပ်ပြီး ထည့်သွင်းနိုင်ဖို့အတွက် အဲ့ဒီ အမေရိကန်အားကစားနည်းတွေရဲ့ လမ်းကြောင်းအတိုင်း သွားဖို့ တွန်းပို့ခံလာရတာ ဖြစ်ပါတယ်။

တကယ်တော့ ဒီအခြေအနေကို သဘာဝအရ မှားယွင်းနေတယ်လို့ ပြောလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ အားကစားဆိုတာ တခြားအရာတွေလိုပဲ ငွေကြေးကြောင့် တည်ရှိနေတာဖြစ်ပြီး ငွေကြေးလမ်းကြောင်းအတွက် ပိုပြီးဦးတည်လုပ်ဆောင်လာရလို့ပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ တကယ့်ကို စိတ်ပျက်စရာကောင်းတာက ဖီဖာက ဒီအစီအစဉ်ကို ချပြလာတဲ့ ပုံစံပဲ ဖြစ်ပါတယ်။

သူတို့က “ကစားသမားတွေအတွက် အဆင်ပြေပြေ ပွဲကစားနိုင်ရေးနဲ့ ကျန်းမာရေး” ဆိုတဲ့ ခေါင်းစဉ်ကြီးအောက်ကနေ ရေသောက်ရပ်နားချိန်ဆိုတာကြီးကို ချပြလာခဲ့တာပါ။ ဖီဖာနဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့ အကျိုးအမြတ်အတွက် “ဘေးကင်းလုံခြုံရေး” ဆိုတဲ့ အကြောင်းပြချက်ကို အကာအကွယ်တစ်ခုအဖြစ် အသုံးချလိုက်တာပါ။

ဒါပေမဲ့ ဘယ်သူကမှ ဒီအချက်ကို ပွင့်ပွင့်လင်းလင်း ချပြခြင်း မရှိကြပါဘူး။ အဲ့ဒီအစား သူတို့က လူကြိုက်များမယ့် ကြွေးကြော်သံ လှလှလေးတွေကိုပဲ အားကိုးပြီး လမ်းကြောင်းကို လွှဲပေးထားပါတယ်။ ဒါကို တာဝန်ယူထားပေးတာကတော့ လော်ဘီမီဒီယာတွေပါပဲ။

သူတို့က မြောက်အမေရိကနဲ့ အမေရိကန်ရဲ့အပူချိန်ကြောင့် တိုးတက်လာတဲ့ခေတ်အခြေအနေအရ ရေသောက်ရပ်နားချိန်ဆိုတာ ကစားသမားတွေအတွက် မဖြစ်မနေ လိုအပ်လို့ကို ဖန်တီးထည့်သွင်းပေးထားရတာဖြစ်တယ်ဆိုတဲ့ လမ်းကြောင်းထဲကို ဆောင်းပါးတွေ၊ သတင်းတွေနဲ့ တွန်းပို့ပေးထားပါတယ်။

တကယ်တော့ ဘောလုံးလောကမှာ “ရေသောက်ရပ်နားချိန်” ဆိုတာ အရင်ကတည်းက ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲ့ဒီတုန်းက ကွင်းတွင်းအခြေအနေနဲ့ ရာသီဥတုအခြေအနေအရ တကယ်ကို လိုအပ်မှပဲ ကွင်းလယ်ဒိုင်က ရွေးချယ်အသုံးပြုရတဲ့စနစ် (Optional) နဲ့ တည်ရှိခဲ့တာပါ။

ဒီတစ်ကြိမ်မှာတော့ ဖီဖာက ရာသီဥတု ဘယ်လိုဖြစ်ဖြစ်၊ အဲကွန်းပဲ ဖွင့်ထားထား၊ မိုးပဲရွာရွာ ပွဲစဉ်တိုင်းမှာ ဒီရေသောက်ရပ်နားချိန်ကို မဖြစ်မနေ လုပ်ရမယ်လို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

“အားလုံး တန်းတူညီမျှ အခြေအနေအောက်မှာ ယှဉ်ပြိုင်ရမယ်” ဆိုတဲ့ စကားလုံးလှလှနဲ့ သူတို့လုပ်ရပ်ကို ဖုံးကွယ်ထားခဲ့ပါတယ်။ တစ်ဖက်မှာ သေချာနေတာကတော့ ရေသောက်ရပ်နားချိန်မှာ စီးပွားရေးကြော်ငြာတွေ ထည့်သွင်းပြသဖို့ ဖီဖာနဲ့ တာဝန်ရှိသူတွေက စပွန်ဆာစာချုပ်ကြီးတွေ ချုပ်ထားပြီးပြီဖြစ်တဲ့အတွက် ရေသောက်ရပ်နားချိန်ဟာ လိုအပ်လည်းနား၊ မလိုအပ်လည်းနား ဖြစ်လာတော့တာပါပဲ။

သေချာတာကတော့ ဘောလုံးပွဲရသကို ပျက်စီးစေတဲ့ ဒီရေသောက်ရပ်နားချိန်စနစ်ဟာ ရှေ့လျှောက် ဘယ်တော့မှ ပျောက်ပျက်သွားမှာ မဟုတ်တော့ပါဘူး။

တကယ်လို့ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိုက်စလန် ဒါမှမဟုတ် နော်ဝေ လို အေးစိမ့်တဲ့နိုင်ငံတွေမှာ ကျင်းပခဲ့ရင်လည်း ရေသောက်ရပ်နားချိန်အစား လက်ဖက်ရည်သောက်နားချိန်တို့၊ ကိုကိုးသောက်နားချိန် တို့ လုပ်လာဖွယ်ရှိတယ်လို့ တချို့သောသတင်းမီဒီယာတွေက ထောက်ပြရေးသားနေပါပြီ။

တကယ်လို့များ “ဒီလို ကစားနေချိန်အတွင်း ၃ မိနစ်ရပ်နားပြီး ရေအေးသောက်တာဟာ ကျန်းမာရေးနဲ့ မညီညွတ်ဘူး” လို့ ပိုင်းခြားဝေဖန်တာတွေ ပေါ်လာခဲ့ရင် ဘောလုံးပွဲတွေဟာ ကစားချိန် လေးပိုင်း (Four quarters) ပိုင်းပြီး ကစားရတဲ့ ဘဝကို ရောက်သွားလေတော့မလား တွေးဆရတော့မှာပဲဖြစ်ပါတယ်။