မွန်ပြည်နယ်တွင် လောင်းကစားဝိုင်းများသည် ခိုးကြောင်ခိုးဝှက် လုပ်နေခြင်းမဟုတ်ပဲ တရားဝင်လိုင်စင် ရထားသကဲ့သို့ အတင့်ရဲစွာ လုပ်ဆောင်လာကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇော်က ပြောသည်။
တရားဝင် ခွင့်ပြုချက်ရသကဲ့သို့ ရက်ရှည်လများ ဆောင်ရွက်နေသည့် လောင်းကစားဝိုင်းများကို တားဆီးပိတ်ပင်ပေးရန် ကျိုက်မရောမြို့နယ်မဲဆန္ဒနယ် အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇော်က မွန်လွှတ်တော်အစည်းအဝေး တွင် ဇွန်လ ၁၆ရက်က အဆိုတင်သွင်းစဉ် ထည့်သွင်း ပြောဆိုခဲ့သည်။
“ပြည်နယ်အစိုးရရုံးစိုက်ရာ မော်လမြိုင်မြို့ပေါ်ရပ်ကွက်များတွင်ပင် အကြောင်းအမျိုးမျိုးပြ ပွဲလမ်းသဘင်များ ခင်းကျင်းပြီး လောင်းကစားဝိုင်းများကို ထည့်သွင်းကျင်းပ၍ လူတစ်စုတို့က အခကြေးငွေ(အကောက်ငွေ) ယူပြီး လုပ်ဆောင်နေသည်” ဟု ဦးသန့်ဇော်က ပြောသည်။
မြို့နယ်အသီးသီးရှိ ရပ်ကွက်၊ ကျေးရွာများ၊ လမ်းမပေါ်များတွင် လောင်းကစားဝိုင်းများကို ပွဲတော်သဖွယ် ကျင်းပပြုလုပ် နေခြင်းသည် တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်နေသကဲ့သို့ ပြည်သူ့ဘဝ လုံခြုံရေးကိုလည်း များစွာခြိမ်းခြောက်နေကြောင်း ၎င်းက ဆိုသည်။
လောင်းကစားမှုများသည် အချို့သော နိုင်ငံခြားတိုင်းပြည်များကဲ့သို့ တရားမဝင် လောင်းကစားဂိုဏ်းများအဖြစ် မာဖီးယား ဆန်ဆန် ပြုလုပ်နေပြီး ၎င်းတို့အပေါ် တိုင်ကြားသူ၊ နှောင့်ယှက်သူများကို ခြိမ်းခြောက်ခြင်း၊ ဖိအားပေးခြင်း၊ ရန်ရှာ အန္တရာယ် ပေးခြင်းများကို လူမိုက်မွေးပြီး လုပ်ဆောင်ခဲ့သည့်ဖြစ်စဉ်များ ရှိကြောင်း ဦးသန့်ဇော်က ထောက်ပြသည်။
လောင်းကစားဂိုဏ်းများမှတစ်ဆင့် လက်နက်ကိုင်ပြီး မာဖီးယားဆန်သည့် ဂိုဏ်းများ မဖြစ်ရန် လွှတ်တော်နှင့် သက်ဆိုင်ရာ စစ်အစိုးရအဖွဲ့တို့က တားမြစ်ရန် အဓိက တာဝန်ရှိကြောင်းလည်း ပြောဆိုသည်။
လောင်းကစားမှုများကြောင့် ပြည်သူများ၏ ငွေကြေးများ ဆုံးရှုံးခြင်း၊ စီးပွားရေးလုပ်ငန်းများ ဆုံးရှုံးခြင်း၊ အိမ်ထောင်ရေး အဆင်မပြေမှုများ ဖြစ်ပေါ်ခြင်း၊ လူမှုရေး ပြဿနာများ ကြုံတွေ့ရခြင်းအပြင် နောက်ဆက်တွဲ ဆိုးကျိုးများအဖြစ် ခိုးဆိုးလုယက်မှုများ ဖြစ်ပေါ်စေကြောင်း ဆိုသည်။
“ဒီစစ်အစိုးရလက်ထက်မှာ လောင်းကစားတွေက ထမင်းစား ရေသောက်လိုတောင် ဖြစ်နေတယ်။ မြို့တိုင်း ရွာတိုင်းမှာ ရှိနေ တယ်။ သူတို့က အကောက်ရနေတော့ အရေးယူဖို့ မပြောနဲ့ တရားဝင်လိုတောင် လုပ်ခွင့်ပေးထားတယ်။ လောင်းကစားတွေ များလာတာနဲ့အမျှ ခိုးမှုတွေ လုယက်မှုတွေက လိမ်လည်မှုတွေကလည်း များလာတာပဲလေ” ဟု မွန်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
အထက်ပါအဆိုကို မွန်ပြည်နယ်လွှတ်တော်က ဆက်လက်ဆွေးနွေးရန် အတည်ပြုထားသည်။
မွန်ပြည်နယ်တွင် အထူးသဖြင့် ပွင့်လင်းရာသီကာလတွင် ပွဲလမ်းသဘင်များ ခင်းကျင်းပြီး လောင်းကစားဝိုင်းများ ထည့်သွင်း ကျင်းပလေ့ရှိသော်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် လောင်းကစားဝိုင်းများကို တစ်နှစ်ပတ်လုံး ပြုလုပ်နေကြောင်း ဒေသခံပြည်သူများက ဆိုသည်။
ပုံစာ – မွန်ပြည်နယ်အတွင်းက လောင်းကစားဝိုင်းတစ်ခုကို တွေ့ရစဉ်။
ဓာတ်ပုံ – ဒေသခံတစ်ဦး







