အေအိုင်နည်းပညာကြောင့် အလုပ်အကိုင်ဈေးကွက် အလျင်အမြန်ပြောင်းလဲလျက်ရှိသည့် တရုတ်နိုင်ငံတွင် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း တက္ကသိုလ်နှင့် ကောလိပ်များ၌ ဘွဲ့ကြိုဒီဂရီသင်တန်းပေါင်း ၁၂,၂၀၀ ကို ပယ်ဖျက်ခြင်း သို့မဟုတ် ဆိုင်းငံ့ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။
ယင်းသို့ ပယ်ဖျက်ဆိုင်းငံ့ပြီး ဘွဲ့ကြိုဒီဂရီသင်တန်းသစ်ပေါင်း ၁၀,၂၀၀ ကို စတင်မိတ်ဆက်ပြဋ္ဌာန်းခဲ့ကြောင်း တရုတ်အစိုးရပညာရေးဝန်ကြီးဌာနကို ကိုးကား၍ ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။
ယင်းမှာ တရုတ်နိုင်ငံအတွင်း တက္ကသိုလ်နှင့် ကောလိပ် သင်တန်းအစီအစဉ်များ၏ ၃၀ ရာခိုင်နှုန်းကျော်ကို ပြန်လည်ပြင်ဆင်မွမ်းခံခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ပယ်ဖျက်ဆိုင်းငံ့ခံလိုက်ရသည့်အထဲ ဝိဇ္ဇာဘာသာရပ်များ၊ လူမှုအခြေပြုပညာဘာသာရပ်များ၊ နိုင်ငံခြားဘာသာစကားနှင့် စီမံခန့်ခွဲမှုဘာသာရပ်များ အဓိကပါဝင်ကြောင်း သိရသည်။
တရုတ်နိုင်ငံတွင် ယင်းဘာသာရပ်နယ်ပယ်များကို ခေတ်မမီတော့ခြင်း သို့မဟုတ် လိုအပ်သည်ထက် ပိုမိုများပြားလွန်းနေသည်ဟု ရှုမြင်ခံရမှု ပိုမိုတိုးပွားလာနေသည်။
တရုတ်နိုင်ငံတွင် လူငယ်ဦးရေ ၁၆ ရာခိုင်နှုန်းကျော်မှာ အလုပ်လက်မဲ့ဖြစ်နေပြီး အေအိုင်နည်းပညာကြောင့် အလုပ်အကိုင် ဈေးကွက် အလျင်အမြန်ပြောင်းလဲလျက်ရှိရာ ယင်းဘာသာရပ်များကို ခေတ်မမီတော့ဘဲ လိုအပ်သည်ထက် ပိုများပြားလွန်းနေသည်ဟု ရှုမြင်မှု ပိုတိုးပွားလာနေသည်။
တစ်ဘက်တွင်လည်း အသစ်မိတ်ဆက်လိုက်သည့် တက္ကသိုလ်သင်တန်းအသစ်များမှာ တရုတ်အစိုးရ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များနှင့် နီးနီးကပ်ကပ် ဆက်နွှယ်လျက်ရှိကြောင်း South China Morning Post သတင်းဌာနက ဖော်ပြသည်။
တရုတ်တက္ကသိုလ် ၉ ခုတွင် အေအိုင်နည်းပညာနယ်ပယ်မှ ဘာသာရပ်အသစ်များကို တိုးချဲ့ဖွင့်လှစ်ခဲ့ပြီး ယင်းမှာ အေအိုင်နည်းပညာကို လက်တွေ့အခြေခံစီးပွားရေးစနစ်အတွင်း ပေါင်းစပ်ထည့်သွင်းမှု အရှိန်မြှင့်ရန် တရုတ်အစိုးရ၏ ရည်မှန်းချက်နှင့် ကိုက်ညီကြောင်း ဖော်ပြထားသည်။
တရုတ်နိုင်ငံတွင် မကြာသေးမီနှစ်များအတွင်း ဘွဲ့ရလူငယ်ဦးရေ စံချိန်တင်မြင့်တက်လာသော်လည်း အလုပ်အကိုင်ရရှိမှု နည်းပါးသဖြင့် တရုတ်တက္ကသိုလ်များကို နိုင်ငံ့စီးပွားရေးစနစ်၏ လျင်မြန်သည့် အပြောင်းအလဲများနှင့် အမီလိုက်နိုင်ရန် ဖိအားနှင့် ရင်ဆိုင်နေရသည်။
Source: South China Morning Post







