ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းတွင် နိုင်ငံရေးသမားနှင့် အနုပညာရှင်များ ပါဝင်နိုင်သော Forex ငွေလိမ်ကွန်ရက်ကို ရဲတပ်ဖွဲ့ ဖြိုခွင်း

June 17, 2026

ထိုင်းနိုင်ငံတွင် နိုင်ငံရေးသမားများနှင့် အနုပညာရှင်များ ပါဝင်နိုင်သော Forex အမည်ရှိ ငွေ‌ကြေးလိမ်လည်နေသော ကွန်ရက်တစ်ခုလုံးကို ရဲတပ်ဖွဲ့က ဖြိုခွင်းနိုင်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

အထူးစုံစမ်းရေးဌာန (DSI)၊ အွန်လိုင်းရာဇဝတ်မှု စုံစမ်းရေးဗျူရို (CCIB)၊ တရားရေးဝန်ကြီးဌာနနှင့် ထိုင်းဗဟိုဘဏ်တို့က “Shutdown the Laundering” အမည်ရှိ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးစီမံချက်ကို ဇွန်လ ၁၆ရက်တွင် လုပ်ဆောင်ခဲ့သည်။

နိုင်ငံအတွင်း စီးပွားရေး ရာဇဝတ်မှုများကို နှိမ်နှင်းရန်၊ ငွေကြေးရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိခိုက်ပျက်စီးမှုမှ ကာကွယ်နိုင်ရန်၊ စီးပွားရေးနှင့် ငွေကြေးစနစ်တစ်ခုလုံးကို ပြည်သူများ ပိုမိုယုံကြည်မှုရှိလာရန် ယင်းစီမံချက်ကို လုပ်ဆောင်ခဲ့ကြောင်း ဆိုသည်။

ဘန်ကောက်၊ နွန်ထဘူလီ၊ ပထုံဌာနီ၊ စမွတ်စခွန်၊ စမွတ်ပရကန် စသော ခရိုင်များရှိ နေရာပေါင်း ၂၄ နေရာက Forex အမည်ရှိ ငွေကြေးရင်းနှီးမြှုပ်နှံမှုနှင့် ဆိုင်သော ကွန်ရက်တစ်ခုလုံးကို ဖြိုခွင်းနိုင်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

စုံစမ်းစစ်ဆေးမှုအရ ယင်းကွန်ရက်ထဲတွင် နိုင်ငံရေးသမားများနှင့် အနုပညာရှင်များလည်း ပါဝင်ပတ်သက်နေသည်ဟု ယူဆရသဖြင့် စုံစမ်းစစ်ဆေးမှုများကို ဖြန့်ကျက်၍ သက်သေများကို စုဆောင်းမည်ဖြစ်ကြောင်း အထူးစုံစမ်းရေးဌာန (DSI) က ထုတ်ပြန်သည်။

ယခုဖြိုခွင်းမှုတွင် ဘဏ်အကောင့် ၇၇ ခုကို ပိတ်သိမ်းခဲ့ပြီး အခြားငွေသားနှင့် ပိုင်ဆိုင်မှု ပစ္စည်းများကိုလည်း သိမ်းဆည်းခဲ့ကြောင်း ဖော်ပြသည်။

ငွေသား ဘတ် ၆၅ သန်းကျော်၊ အဆင့်မြင့်ကား ငါးစီး၊ ရွှေချောင်းများ၊ ငွေချောင်းများ၊ လက်ဝတ်ရတနာများ၊ တန်ဖိုးကြီး လက်ကိုင်အိတ်များ၊ သေနတ်များ၊ ကွန်ပျူတာနှင့် အခြားလျှပ်စစ်ပစ္စည်းများစွာကို သိမ်းဆည်းခဲ့ကြောင်း ဆိုသည်။

ဖြိုခွင်းမှုတွင် ဖမ်းဆီးခံရသူများ ရှိမရှိ ဖော်ပြထားခြင်းမရှိပေ။

ဖြိုခွင်းမှုနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များနှင့် ထပ်တိုးအချက်အလက်များကို အချိန်နှင့် တပြေးညီ ထုတ်ပြန်မည်ဖြစ်ကြောင်း ဖော်ပြသည်။

လက်ရှိတွင် Forex ထံမှ ဝက်ဆိုက်၊ အက်ပလီကေးရှင်းနှင့် အခြားလမ်းကြောင်းများက ငွေကြေးလိမ်လည်ခံရသူများသည် အထူးစုံစမ်းရေးဌာန (DSI) ထံ လာရောက်တိုင်ကြားကြရန် အသိပေးထားသည်။

Ref: The Standard, Thairath, FM 91