ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သံဃာတော်များ ကိုယ်တိုင်ကားမောင်းခွင့် မပြုတော့ဟုဆို

June 17, 2026

တနင်္သာရီတိုင်းအတွင်းရှိ သံဃာတော်များအား ကိုယ်တိုင်ကားမောင်းပြီး သွားလာခြင်းကို သက်ဆိုင်ရာ တိုင်း၊ ခရိုင်၊ မြို့နယ် သံဃနာယကအဖွဲ့က တားမြစ်ထားပြီးဖြစ်ကြောင်းသိရသည်။

ဘုန်းကြီးများ ကိုယ်တိုင်ကားမောင်းခြင်းကြောင့် ယာဉ်တိုက်မှုကဲ့သို့သော မတော်တဆမှုများ ဖြစ်ပွားလာပါက အရေးယူခြင်း၊ တရားစွဲဆိုခြင်း စသည်ဖြင့် ဥပဒေအရ ဖြေရှင်းရခက်သော ပြဿနာများကြောင့် ထိုကဲ့သို့ တားမြစ်ခြင်းဖြစ်ကြောင်း သံဃာတော်များက ပြောဆိုသည်။

“သာသနာရေး(သာသနာရေးဦးစီးဌာန)ကနေ ဒီလိုရှိတယ်ဆိုပြီး လျှောက်လာတော့ မြို့နယ်အလိုက်(သံဃာ့) အစည်းအဝေးလုပ်ပြီး ဒီဟာတွေကို(ကိုယ်တိုင်ကားမောင်းတာကို) မလုပ်ဖို့ဆိုပြီး ပြောထားတာရှိတယ်။ တားမြစ်တဲ့အထဲမှာတော့ (တနင်္သာရီတိုင်းတစ်ခုလုံးက သံဃာတွေ) အားလုံးပါတာပေါ့လေ” ဟု ရဟန်းတစ်ပါးက မိန့်ကြားသည်။

မေလကုန် ဇွန်လဆန်းပိုင်းမှစပြီး ထိုကဲ့သို့ တားမြစ်လိုက်ခြင်းဖြစ်ကြောင်း ဆိုသည်။

အသေးစိတ်မေးမြန်းနိုင်ရန် တနင်္သာရီတိုင်း သာသနာရေးဦးစီးဌာန၏ ရုံးဖုန်းအား ဇွန်လ ၁၇ ရက် နံနက်ပိုင်းတွင် Dawei Watch က အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုသူမရှိသဖြင့် မေးမြန်းခွင့်မရပေ။

အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းအတွင်း သံဃာတော်များ ကိုယ်တိုင်ကားမောင်း သွားလာမှုများ ပိုမိုများပြားလာပြီး ယခုနှစ်ပိုင်းတွင် ပိုဆိုးလာကြောင်း ဒေသခံများက ပြောဆိုသည်။

ယင်းအပြင် ဘုန်းကြီးကားဖြင့်တိုက်မိသည့် ယာဉ်မတော်တဆမှုတို့ကြောင့် ဒေသခံများ ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်းတို့လည်း ဖြစ်ပွားနေကြောင်း ဒေသခံတို့က ပြောသည်။

တဖက်တွင်မူ နိုင်ငံရေး ပဋိပက္ခအခြေအနေကြောင့် ဒေသတွင်း လူငယ်၊ လူလတ်ပိုင်းများ နိုင်ငံခြားထွက်ခွာသူ များပြားလာသဖြင့် ကားမောင်းပေးမည့်သူများ မရှိတော့ခြင်းကြောင့် ဘုန်းကြီးများကိုယ်တိုင် ကားမောင်းလာရခြင်းဖြစ်ကြောင်း သံဃာတော်တို့က မိန့်ကြားသည်။

“သာသနာရေးကိစ္စတစ်ခုခုရှိလို့ ထားဝယ်ကိုတက်ရမယ်ဆိုရင် လူငယ်တွေက သူတို့မလိုက်ရဲကြတော့ ဦးပဉ္ဇင်းတို့ကို ကားမောင်းပေးမဲ့သူမရှိတော့ဘူး။ အဲဒါဆိုရင် ကိုယ်တိုင်မမောင်းရင် ဘယ်လိုလုပ်မလဲ” ဟု ရဟန်းတစ်ပါးက မိန့်ကြားသည်။

တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည့် ဒေသတို့တွင်လည်း အရေးပေါ် ရှောင်ရှားရန်အတွက် ကားသမားအဆင်သင့် မရှိသဖြင့် ဘုန်းကြီးများကိုယ်တိုင် ကားမောင်းနေရကြောင်း ပြောဆိုမှုများလည်း ရှိသည်။

လက်ရှိ ဘုန်းကြီးကားမောင်းနှင်နေသူတို့မှာလည်း မိသားစုစားဝတ်နေရေး အလုပ်များရှိသဖြင့် ဘုန်းကြီးကျောင်းကားကို အချိန်ပြည့်မောင်းနှင်ပေးနိုင်ခြင်းမရှိကြောင်းလည်း ဘုန်းကြီးကျောင်းကားမောင်းနှင်ပေးနေသူတို့က ပြောသည်။

“ ဘုန်းကြီးနောက်လိုက်သွားပြီဆိုရင် တစ်နေကုန်သွားတာလည်းရှိတယ်။ နေ့တစ်ဝက်လည်းရှိတယ်။ ကိုယ်ပိုင်အလုပ်ရှိနေသူတွေက ဘုန်းကြီးကားမောင်းလို့မရဘူး။ သူ့မှာ မိသားစု စားဝတ်နေရေးက ရှိသေးတာကို။ တချို့ကျောင်းတွေကတော့ လစာပေးပြီးတော့ ငှားတာတွေရှိတယ်။ ဒါပေမဲ့ တစ်လ နှစ်သိန်း၊ သုံးသိန်း(ကျပ်) လောက်ပဲ ပေးနိုင်တော့ အချိန်ပြည့် မလုပ်နိုင်ကြဘူးလေ” ဟု အထက်ပါ ဘုန်းကြီးကားမောင်းသမားက ပြောဆိုသည်။

ယခုလက်ရှိတွင်မူ ဘုန်းကြီးများ ကိုယ်တိုင်ကားမမောင်းရဟု ညွှန်ကြားလာသဖြင့် တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည့် ဒေသက သံဃာတော်များအတွက် အခက်တွေ့နေရကြောင်း ဘုန်းကြီးများက မိန့်ကြားသည်။

သံဃာတော်များ ကိုယ်တိုင်ကားမမောင်းရဟု ညွှန်ကြားပြီးနောက် ထားဝယ်မြို့ကဲ့သို့သော မြို့ပေါ်အပါအဝင် နယ်ကျေးရွာများတွင်ပါ ဘုန်းကြီးကိုယ်တိုင်ကားမောင်းနှင်ခြင်း လျော့နည်းလာသည်ကို မြင်တွေ့ရကြောင်း ဒေသခံတို့က ဆိုသည်။

သံဃာတော်များ ကိုယ်တိုင်ကားမောင်းနှင်ခြင်းသည် အမြင်မတင့်တယ်ခြင်း၊ ယာဉ်မတော်တဆဖြစ်ပွားလာပါက အရေးယူရခက်ခဲခြင်း၊ လိုင်စင်မဲ့ယာဉ်ကိစ္စ စသည့် ပြဿနာများကြောင့် ခေတ်အဆက်ဆက်အစိုးရတို့က ညွှန်ကြားချက်များ ထုတ်ပြန်ပြီး တားမြစ်ခြင်း၊ မေတ္တာရပ်ခံလျှောက်ထားခြင်းများရှိခဲ့ဖူးသည်။

သို့သော် အချိန်အတိုင်းအတာတစ်ခုအထိသာ လိုက်နာကြပြီး ယခုနောက်ပိုင်းတွင်မူ အချို့ဘုန်းကြီးများနှင့် ရှင်သာမဏေများမှာ ကိုယ်တိုင်ဆိုင်ကယ်မောင်းနှင်သည်အထိ ဖြစ်လာကြောင်း ဒေသခံတို့က ပြောဆိုသည်။