ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းထီရောင်းနေသော မြန်မာနှစ်ဦး ဖမ်းဆီးခံရ

June 17, 2026

Ref: CH 7, FM 91

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် လမ်းဘေးတစ်နေရာတွင် ထီရောင်းနေသော မြန်မာနိုင်ငံသားနှစ်ဦးကို အာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြချက်အရ သိရသည်။

ချွန်ဘူရီမြို့ လမ်းတစ်လျှောက်တွင် နိုင်ငံခြားသားများ ထီရောင်းနေကြောင်း တိုင်ကြားလာသဖြင့် ဇွန်လ ၁၆ ရက်နေ့က အလုပ်သမားရုံး တာဝန်ရှိသူများနှင့် အာဏာပိုင်များက ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။

လမ်းတစ်လျှောက်စစ်ဆေးစဉ် မြန်မာနိုင်ငံသားနှစ်ဦး ထီရောင်းချနေသည်ကို တွေ့ရသဖြင့် လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ကိုင်နေမှုဖြင့် ဖမ်းဆီးခဲ့ဟုဆိုသည်။

၎င်းတို့နှစ်ဦးနှင့်အတူ ဘတ် လေးသောင်းကျော်တန်ဖိုးရှိ ထီလက်မှတ် ၅၀၀ ကျော်ကိုလည်း သက်သေအနေဖြင့် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသားနှစ်ဦးကလည်း ထီလက်မှတ်များကို အခြားသူထံမှ ယူ၍ ရောင်းချခြင်းသာဖြစ်ကြောင်း ထုတ်ဖော်ဝန်ခံထားသည်။

ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားနှစ်ဦးကို ဥပဒေအရ ဆက်လက်ဆောင်ရွက်နိုင်ရန် ချွန်ဘူရီရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး အလုပ်ရှင်နှင့် ဆက်စပ်နေသူများကို ရှာဖွေဖော်ထုတ်၍ အရေးယူသွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံတွင် ဈေးရောင်းခြင်းအပါအဝင် ကုန်စည်ပို့ဆောင်ရေး၊ အလှပြင်၊ အနှိပ်သည်၊ ဆံပင်ညှပ်၊ ဧည့်လမ်းညွှန်စသော တားမြစ်အလုပ်များကို ဝင်ရောက်လုပ်ပိုင်ခွင့်မရှိပေ။

အကယ်၍ စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေ ဘတ် ၅၀၀၀ မှ ၅၀၀၀၀ အထိ ချမှတ်ခံရနိုင်ပြီး နေရပ်ပြန်ပို့ခံမည်ဖြစ်ကာ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့် နှစ်နှစ်ပိတ်သိမ်းခံရမည်ဖြစ်သည်။

Ref: CH 7, FM 91