ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်မြို့တွင် စက်သုံးဆီဆိုင် မီးလောင်၊ ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရ

May 17, 2026

မြိတ်မြို့၊ ကလွင်စုံခေါင်းရပ်ကွက်ရှိ စက်သုံးဆီ သိုလှောင်ဖြန့်ဖြူးရောင်းချသည့် နေရာ၌ ယနေ့ (မေ ၁၇) နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

နံနက် ၈ နာရီခန့်တွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး မီးသတ်ကားများ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် နံနက် ၉ နာရီ ၃၀ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

မီးလောင်မှုအတွင်း အမျိုးသားနှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြိတ်ခရိုင် မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးသူနှစ်ဦးသည် ဆီဆိုင်မှ ယာဉ်မောင်းနှင့် ဆီလာဝယ်သူတို့ ဖြစ်ကြကြောင်း ရုပ်အလောင်း သယ်ဆောင်ပေးခဲ့သည့် ပရဟိတအသင်းများထံမှ သိရသည်။

သေဆုံးသူများ၏ ရုပ်အလောင်းများနှင့် ဒဏ်ရာရရှိသူများကို မြို့ခံပရဟိတအသင်းများက သက်ဆိုင်ရာ ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့သည်။

စက်သုံးဆီတင် ယာဉ်ပေါ်သို့ ဆီဖြည့်တင်းရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မြိတ်ခရိုင် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပျက်စီးဆုံးရှုံးမှုတန်ဖိုး စိစစ်တွက်ချက်ခြင်းနှင့် ဥပဒေအရ အရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

မီးလောင်မှုမှတ်တမ်းဓာတ်ပုံများအရ စက်သုံးဆီသိုလှောင်ရာ သံပေပါဆီကန်လေးခုနှင့် စက်သုံးဆီတင် ယာဉ်တစ်စီး မီးလောင်ပျက်စီးခဲ့သည်ကို တွေ့ရသည်။

ပုံစာ – မြိတ်မြို့ ဆီဆိုင်မီးလောင်မှုဖြစ်စဉ်။