ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သမ္မတဦးဝင်းမြင့် လွတ်ပြီ

April 17, 2026

ပုံစာ - သမ္မတ ဦးဝင်းမြင့် ထားဝယ်မြို့ရောက်စဥ် (၂၀၁၉)။

အာဏာသိမ်းစဉ်ကတည်းက စစ်အုပ်စုက ဖမ်းဆီးအကျဉ်းချထားသည့် သမ္မတဦးဝင်းမြင့်သည် ယနေ့ ဧပြီလ ၁၇ ရက်တွင် လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွတ်ကြောင်း စစ်အစိုးရက ထုတ်ပြန်သည်။

ဦးဝင်းမြင့်ကို စစ်အုပ်စုက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကတည်းက ဖမ်းဆီးထားပြီး အဂတိအမှု လေးမှုအပြင် ရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာသုံးမှု ပုဒ်မ ၁၃၀ (က) တို့ဖြင့် စွပ်စွဲပြီး စုစုပေါင်း ထောင်ဒဏ် ကိုးနှစ်နှင့် ခြောက်လ ချခဲ့သည်။

နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည် ဟူသည့် ကန့်သတ်ချက်ဖြင့် သမ္မတ ဦးဝင်းမြင့်ကို လွတ်ငြိမ်းခွင့်ပြုခြင်းဖြစ်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) အဖွဲ့ တာဝန်ရှိသူထံ ဆက်သွယ်မေးမြန်းရာ “သမ္မတ ဦးဝင်းမြင့် ကိုတော့ ဒီနေ့ပဲ ပြောင်းရွှေ့သွားပြီလို့ သိရပါတယ်ဗျ။ တောင်ငူထောင်ကနေမှ နေအိမ်ကို ပြောင်းရွှေ့သွားပြီလို့ သိရပါတယ်။ နေအိမ်မှာပဲ အပြင်မထွက်ရဘူးဆိုတဲ့ နေအိမ်အကျယ်ချုပ်ပုံစံမျိုးထားရှိထားတယ်လို့ သိရပါတယ်” ဟု ပြောသည်။

ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့မည်ဟု သတင်းများထွက်နေပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLD ပါတီ ဗဟိုအလုပ်အမှု‌ဆောင်အချို့ နေပြည်တော်ကို သွားရောက်နေကြောင်း ဘီဘီစီ မြန်မာပိုင်းသတင်းက ယနေ့ နေ့လယ်ပိုင်းတွင် ဖော်ပြထားသည် ။

”ကျွန်တော်တို့ ဥက္ကဋ္ဌကို နေအိမ်အကျယ်ချုပ်ချမယ်ဆိုတဲ့သတင်းတွေကြားတော့ ကျွန်တော်တို့က တွေ့ခွင့်ရမလားလို့ ကြိုးစားကြည့်မှာပေါ့လေ။ ရှေ့နေတွေလည်း ရောက်နေကြပါပြီ” ဟု NLD ဗဟိုအလုပ်အမှု‌ဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ဘီဘီစီကို ဖြေကြားထားသည်ကို တွေ့ရသည်။

ယနေ့ မြန်မာနှစ်ဆန်းတစ်ရက် (ဧပြီလ ၁၇ ရက်) တွင် အကျဥ်းသား ၊ အကျဥ်းသူ ၄၃၃၅ ဦးနှင့် နိုင်ငံခြားသားအကျဉ်းသား ၁၇၉ ဦး တို့ကို လွတ်ငြိမ်းခွင့်ပြုကြောင်း စစ်အစိုးရကကြေညာသည် ။