တနင်္သာရီမြို့နယ်၊ မော်တုန်းရွာ (အနောက်ကမ်း) ကို စစ်အာဏာရှင်တပ်က ဒရုန်းဖြင့် နှစ်ရက်ဆက်တို ဗုံးချကြောင်း ဒေသခံများထံမှ သိရသည်။
မော်တုန်းရွာ (အရှေ့ကမ်း) အခြေစိုက် စစ်အာဏာရှင်အမှတ်-၃၀၆ အမြောက်တပ်ရင်းက ဇွန်လ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် မော်တုန်းရွာ (အနောက်ကမ်းကို) ဒရုန်းဖြင့် ဗုံးချခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ဇွန်လ ၁၅ ရက် နံနက် ၉ နာရီခွဲဝန်းကျင်တွင် မော်တုန်းရွာ (အနောက်ကမ်း) ကို ဗုံးနှစ်ကြိမ်ဆက်တိုက်လာချသဖြင့် လူနေအိမ် တစ်ဆောင်ပျက်စီးပြီး ကလေးတစ်ဦး ပွန်းပဲ့ဒဏ်ရာရသွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“နှစ်ချီ (ကြိမ်) လာချတယ်။ ကောင်မငယ် (မိန်းကလေး) တစ်ယောက် ပွန်းပဲ့ဒဏ်ရာရသွားတယ်” ဟု အထက်ပါဒေသခံက ပြောဆိုသည်။
ပထမအကြိမ်တွင် ဒရုန်းနှစ်စီးဖြင့် ဗုံးနှစ်လုံးချပြီး ဒုတိယအကြိမ်တွင် ဒရုန်းတစ်စီးဖြင့် ဗုံးတစ်လုံးချကြောင်း အသက် ၄၀ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“ပထမအကြိမ်မှာ တစ်လုံးပေါက်တယ်။ တစ်လုံး မပေါက်ဘူး။ အိမ်တစ်ဆောင်လည်း ပျက်စီးသွားတယ်။ ရှေ့ရက် (ဇွန် ၁၄ ရက်) ကလည်း ဗုံးချလို့ အိမ်နှစ်ဆောင်ပျက်စီးသွားတယ်” ဟု ၎င်းက ဆိုသည်။
စစ်အာဏာရှင်တပ်သည် ဇွန်လ ၁၄ ရက် နံနက်ပိုင်းတွင် တစ်ကြိမ်၊ ညနေပိုင်းတွင် တစ်ကြိမ် ဒရုန်းဖြင့် မော်တုန်းရွာ (အနောက်ကမ်း) ကို ဗုံးချခဲ့ပြီးအိမ်တစ်ဆောင် မီးလောင်ပျက်စီးကာ ဆိုင်ကယ်တစ်စီးနှင့် အခြားအိမ်တစ်ဆောင်လည်း ပျက်စီးကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ ဇွန်လ ၁၆ ရက်တွင်လည်း စစ်အာဏာရှင်တပ်၏ ဒရုန်းတစ်စီး လာရောက် ကင်းထောက်သည်ကို တွေ့ရကြောင်း ဒေသခံအချို့က ပြောဆိုသည်။
မော်တုန်းရွာ (အနောက်ကမ်း) ကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားပြီး မော်တုန်းရွာ (အရှေ့ကမ်း) ကို စစ်အာဏာရှင်တပ် ထိန်းချုပ်ထားကြောင်း ဒေသခံများက ဆိုသည်။







