ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီကမ်းလွန်တွင် ရေနံစီမံကိန်းအသစ်များစတင်ရန် ကုမ္ပဏီများခြေလှမ်းပြင်

June 16, 2026

ရေနံစီမံကိန်းအသစ်နှစ်ခု စတင်နိုင်ရန်အတွက် တနင်္သာရီတိုင်း စစ်အစိုးရအဖွဲ့နှင့် လွှတ်တော်ဥက္ကဋ္ဌတို့ထံ မေလနှင့် ဇွန်လအတွင်း ကုမ္ပဏီများ လာရောက်တွေ့ဆုံရှင်းလင်းမှုများ ပြုလုပ်ခဲ့ကြောင်း စစ်အုပ်စုဘက်က သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဇွန်လ ၁၅ ရက်က ထားဝယ်မြို့ရှိ တိုင်းစစ်အစိုးရအဖွဲ့ရုံးတွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် Gulf Petroleum Myanmar Co.,Ltd တို့က မင်းရဲသူ ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်း ဆောင်ရွက်မည့် အစီအစဉ်အကြောင်း တိုင်းအစိုးရအဖွဲ့ဝင်များကို လာရောက်ရှင်းလင်းခဲ့ကြောင်း သိရသည်။

ကုမ္ပဏီဘက်က စီမံကိန်းအကြောင်း တင်ပြခဲ့ပြီး တိုင်းစစ်အစိုးရအဖွဲ့ဘက်ကမူ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည်များကို ကူညီမည်ဖြစ်ကြောင်း ပြောခဲ့သည်ဟု စစ်အုပ်စုကထုတ်ပြန်ထားသည်။

တိုင်းစစ်ကော်မရှင်လက်ထက်ကလည်း အထက်ပါကုမ္ပဏီက မင်းရဲသူစီမံကိန်းအကြောင်း လာရောက်ရှင်းလင်းတင်ပြခဲ့ပြီး စီမံကိန်းကို ယခု ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် စမည်ဖြစ်ကြောင်း ကုမ္ပဏီဘက်က ပြောကြားခဲ့သည်။

မင်းရဲသူစီမံကိန်းကို မုတ္တမ (တနင်္သာရီကမ်းလွန်) လုပ်ကွက် (M-10) တွင် ပြုလုပ်မည်ဖြစ်သည်။

ယင်းနေရာသည် လက်ရှိ ထိုင်းနိုင်ငံက PTTEPI ကုမ္ပဏီက လုပ်ကိုင်နေသည့် ဇောတိက သဘာဝဓာတ်ငွေ့စီမံကိန်း လုပ်ကွက် (M-9) နှင့် ကပ်လျက်တည်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ လုပ်ကွက်များမြေပုံအရ သိရသည်။

မင်းရဲသူစီမံကိန်းကို ပြုလုပ်မည့် GPM ကုမ္ပဏီ၏ ဥက္ကဋ္ဌမှာ စစ်အုပ်စုနှင့် နီးစပ်သည့် ဦးကျော်ကျော်လှိုင်ဖြစ်ကြောင်း Justice For Myanmar က ထုတ်ဖော်ပြောဆိုထားသလို ၂၀၂၅ ခုနှစ် မေလက နေပြည်တော်တွင် ကျင်းပသည့် မင်းရဲသူစီမံကိန်း စာချုပ်ချုပ်သည့် အခမ်းအနားမှတ်တမ်း ဓာတ်ပုံများ၌လည်း ဦးကျော်ကျော်လှိုင်အား တွေ့ရသည်။

ဦးကျော်ကျော်လှိုင်သည် ၁၉၉၄ ခုနှစ် စစ်အာဏာရှင်လက်ထက် ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်းကို ဝန်ဆောင်မှုပေးရန် တည်ထောင်ခဲ့သည့် SMART Group of Companies ၏ ဒါရိုက်တာနှင့် ဥက္ကဋ္ဌလည်းဖြစ်ကြောင်း JFM က ဆိုသည်။

စစ်အုပ်စု၏ တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးမြတ်ကိုနှင့် CFG Energy Pte., Ltd. ၏ ဥက္ကဋ္ဌ Mr. Shen Song Ning တို့လည်း မေလ ၂၉ ရက်က ထားဝယ်မြို့ တိုင်းဒေသကြီး လွှတ်တော်ရုံး၌ တွေ့ဆုံကာ M-15 ကမ်းလွန်ရေနံလုပ်ကွက်၊ ကမ်းလွန်တူးဖော်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအကြောင်း ဆွေးနွေးခဲ့ကြသည်။

M-15 လုပ်ကွက်ကိုလည်း ယခု ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်အကောင်အထည်ဖော်မည့်အကြောင်း ကုမ္ပဏီဘက်က တင်ပြခဲ့ပြီး တိုင်းလွှတ်တော်ဘက်ကမူ လုပ်ငန်းဆောင်ရွက်မည့် နယ်မြေဒေသများရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု စစ်အုပ်စုကထုတ်ပြန်သည့် သတင်းတွင် ဖော်ပြထားသည်။

CFG Energy Pte.,Ltd သည် မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်ကတည်းက စတင်ရင်းနှီးမြှုပ်နှံခဲ့သည့် စင်ကာပူအခြေစိုက် ကုမ္ပဏီဖြစ်ပြီး M-15 လုပ်ကွက်သည် တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၌ အကြီးဆုံးကျွန်းဖြစ်သော ကတန်ကျွန်းကြီး၏ အနောက်ဘက်၌ တည်ရှိသော လုပ်ကွက်ဖြစ်သည်။

အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှ နိုင်ငံတကာရေနံကုမ္ပဏီကြီးများ ထွက်ခွာသွားပြီးနောက် ထိုင်းကုမ္ပဏီများက အစားထိုးဝင်ရောက်လာပြီး မြန်မာနိုင်ငံရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေး စီမံကိန်းအများစုကို ထိုင်းကုမ္ပဏီများသာ ဦးဆောင်လုပ်ကိုင်နေကြသည်။

မြန်မာနိုင်ငံတွင် ရတနာ၊ ရဲတံခွန်၊ ဇောတိက၊ ရွှေကမ်းလွန် စသည့် စီမံကိန်းကြီးလေးခု၊ ထပ်မံရှာဖွေတူးဖော်နေဆဲ ကမ်းလွန်စီမံကိန်းကြီးနှစ်ခု၊ စုစုပေါင်း ကမ်းလွန်စီမံကိန်းကြီး ခြောက်ခုရှိပြီးဖြစ်သည်။

မင်းရဲသူစီမံကိန်းနှင့် M-15 လုပ်ကွက်တို့သည် ခုနစ်ခုမြောက်နှင့် ရှစ်ခုမြောက် ကမ်းလွန်စီမံကိန်းများဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ဆောင်ရွက်ရန် စီစဉ်ခဲ့သည့် ကမ်းလွန်စီမံကိန်းများဖြစ်သည်။

ဓာတ်ပုံ – Total Energies