ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်တွင် စည်ပင်အမှိုက်သိမ်းယာဉ် တစ်လတစ်ကြိမ်သာလာ၍ လမ်းဘေး အမှိုက်ပစ်သူများလာ

June 16, 2026

ဓာတ်ပုံ - ပုံဟောင်း

မြိတ်မြို့ပေါ် ရပ်ကွက်များတွင် အမှိုက်သိမ်းယာဉ် တစ်လတစ်ခေါက်သာ လာသဖြင့် လမ်းဘေးအမှိုက်ပစ်သူများလာကာ အမှိုက်များ ပွစာကြဲနေကြောင်း မြိတ်မြို့ခံများထံမှ သိရသည်။

ပြီးခဲ့သည့် ၂ နှစ်ခန့်က တစ်လလျှင် နှစ်ကြိမ် ပုံမှန် အမှိုက်လာသိမ်းလေ့ရှိသော်လည်း လက်ရှိတွင် တစ်လလျှင် တစ်ကြိမ်သာ လာတော့ကြောင်း မြို့ခံများက ဆိုသည်။

ထို့ကြောင့် ရပ်ကွက်အတွင်း အမှိုက်ထုပ်များ ပွစာကြဲနေပြီး အနံ့အသက်ဆိုးများပင် ထွက်နေကြောင်း မြို့ခံတစ်ဦးက ပြောသည်။

“မြို့တစ်ခုဖြစ်ပြီး အိမ်ရှေ့တွေမှာ အမှိုက်ထုပ်တွေ ပရာပွနဲ့ ပုပ်စော်နံပြီး မြင်ရတာ ကျက်သရေမရှိဘူး။ အနံ့အသက်ကလည်း ကျန်းမာရေး ထိခိုက်တယ်လေ။ စားကြွင်းစားကျန်တွေနဲ့ လောက်တွေတက်၊ ကြွက်တွေ ပေါများလာတာပေါ့” ဟု ၎င်းက ဆိုသည်။

အမှိုက်ကားက တစ်လလျှင် တစ်ကြိမ်သာ လာတော့သည့်အတွက် မြို့ခံအချို့က အမှိုက်ကို နီးစပ်ရာ ချောင်းမြောင်းအတွင်းနှင့် လမ်းဘေးတွင် ပစ်နေကြသလို လမ်းတွင် စုပုံထားသူများလည်း ရှိကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

“အမှိုက်လာမသိမ်းတော့ တံတားအောက်လို နေရာတွေ၊ ကမ်းနားလမ်းတွေမှာ လိုက်ပစ်ရတာပေါ့နော်။ အမှိုက်ခြောက်တွေက ကိစ္စမရှိပေမယ့် စားကြွင်းစားကျန်တွေက ကြာကြာထားရင် အဆင်မပြေဘူးလေ။ ဒီတော့ အဆင်ပြေတဲ့နေရာ ပြေးပစ်ရတာပေါ့” ဟု မြို့သစ်ရပ်ကွက်နေ မြို့ခံတစ်ဦးက ပြောသည်။

ထို့အပြင် ရပ်ကွက်အချို့တွင် လမ်းရှိ ဓာတ်တိုင်များအောက်တွင် အမှိုက်အိတ်များ စုပုံထားသည်ကိုလည်း တွေ့ရကြောင်း မြို့ခံအချို့က ဆိုသည်။

အမှိုက်သိမ်းယာဉ် ပုံမှန်မလာသော်လည်း လစဉ်ကြေးမှာ တိုးမြှင့်ကောက်ခံနေပြီး တစ်လလျှင် ကျပ်တစ်သောင်း ပေးဆောင်ရကြောင်း ကန်ဖျားရပ်ကွက်နေ နောက်ထပ် အမျိုးသမီးတစ်ဦးက ပြောသည်။

အာဏာမသိမ်းမီကမူ တစ်လလျှင် ကျပ်ထောင်ဂဏန်း ဝန်းကျင်သာ ကောက်ခံခဲ့ကြောင်း ၎င်းက ဆိုသည်။

မြိတ်တောင်ရပ်ကွက်နေ မြို့ခံတစ်ဦးကလည်း အမှိုက်ကားမလာသည့်အတွက် အမှိုက်သိမ်းခ တောင်းခံသည့် ဖြတ်ပိုင်းပါ ဖုန်းနံပါတ်ကို ဆက်သွယ်ရာတွင်လည်း မချေမငံ ပြန်ပြောခံရလေ့ရှိကြောင်း ပြောဆိုသည်။

“အမှိုက်ကားမလာလို့ ဖုန်းဆက်ပြောရင်လည်း သူတို့လည်း အများနဲ့ လုပ်နေရတာ ဘာညာနဲ့ ဘုကလန့်ပြောပြီး ဖုန်းချပစ်တာ။ ပြန်ခေါ်ရင်လည်း မကိုင်တော့ဘူး။ လစဉ်ကြေး လာကောက်ရင် ဒီအရုပ်တွေ မဟုတ်ဘူး။ တအား ဒေါသထွက်ဖို့ ကောင်းတယ်” ဟု မြိတ်တောင်ရပ်ကွက်နေ မြို့ခံတစ်ဦးက ပြောသည်။

အမှိုက်သိမ်းခအနေဖြင့် ရပ်ကွက်အပေါ် မူတည်ပြီး တစ်လလျှင် ကျပ်သုံးထောင်မှ လေးထောင်အထိ ကောက်ခံသလို ဈေးဆိုင်များတွင်လည်း ကျပ်ခြောက်ထောင်မှ ကျပ်သောင်းဂဏန်းအထိ ကောက်ခံနေကြောင်း မြို့ခံအချို့ထံမှ သိရသည်။

အမှိုက်သိမ်းခအဖြစ် လစဉ်ကြေး ပုံမှန်ကောက်ခံနေသော်လည်း အမှိုက်သိမ်းရန် ပျက်ကွက်နေမှုအပေါ် မြို့ခံများအကြား ဝေဖန်ပြောဆိုမှုများ ရှိနေသည်။

ဓာတ်ပုံ – ပုံဟောင်း