ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မွန်တွင် စစ်မှုထမ်းရန် လူငယ်များကို အဓမ္မဖမ်းဆီးမှုများလာ

September 15, 2026

မွန်ပြည်နယ်အတွင်း စစ်မှုထမ်းရန်အတွက် လူငယ်များ အဓမ္မဖမ်းဆီးခံရသည့် ဖြစ်စဉ်များ ဆက်တိုက် ဖြစ်ပွားနေပြီး လုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်နေကြရကြောင်း ဒေသခံ လူငယ်များထံမှ သိရသည်။

စစ်အာဏာရှင်တပ်က စစ်မှုထမ်း အင်အားပြည့်မီရေးအတွက် ရပ်ကျေး အုပ်ချုပ်ရေးမှူးများကို ဖိအားပေးနေကြောင်း၊ သတ်မှတ်အရေအတွက် ရရှိရန် စစ်တပ်၊ ရဲ၊ ပြည်သူ့စစ်၊ ပျူစောထီးနှင့် ၎င်းတို့ လက်သပ်မွေးထားသူများက လမ်းသွားလမ်းလာ လူငယ်များကို လိုက်လံ ဖမ်းဆီးနေကြောင်း ဒေသခံများထံမှသိရသည်။

“ကိုယ်နဲ့ သိတဲ့တစ်ယောက်ဆို ဆိုင်ကယ်နဲ့ လမ်းသွားရင်း အဖမ်းခံရတယ်။ ဘာမှ အမှားမရှိဘဲ ဖမ်းခံရတာ။ ဆိုင်ကယ်ကို သိမ်းလိုက်တယ်၊ လူကိုကျတော့ အိမ်နဲ့ ဆက်သွယ်ခိုင်းပြီး ပိုက်ဆံပေးရင် လွှတ်ပေးမယ်၊ မပေးရင် စစ်မှုထမ်း ပို့မယ်ဆိုပြီး ပြောတော့ သိန်း ၁၀၀ လောက် ကုန်သွားတယ်။ အခုဆိုရင် နေ့ခင်းပိုင်းတောင် မသွားလာရဲဘူး” ဟု မုဒုံမြို့နယ်မှ မွန်လူငယ်တစ်ဦးက ပြောသည်။

မုဒုံမြို့တွင်လည်း ယခုရက်ပိုင်းအတွင်း လူငယ်များ ဖမ်းဆီးခံရမှု ဆက်တိုက် ဖြစ်ပွားနေပြီး အချို့မှာ အဆက်အသွယ် ပြန်ရသော်လည်း အချို့မှာ မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကို မိသားစုဝင်များ စုံစမ်း၍ မရနိုင်အောင် ဖြစ်နေကြောင်း မြို့ခံများထံမှ သိရသည်။

သံဖြူဇရပ်မြို့မှ လူငယ်တစ်ဦးကလည်း “အဖမ်းခံရပြီဆိုရင် သွားပြီပဲ။ စစ်မှုထမ်းသင်တန်း ပို့ရင်ပို့၊ မပို့ရင် ပိုက်ဆံ ကြိုက်သလောက် တောင်းတာပဲ။ စစ်မှုထမ်းဆိုပြီး လုပ်စားနေတဲ့ကောင်တွေရဲ့ ရန်ကိုလည်း ကြောက်နေရတယ်” ဟု ဆိုသည်။

စစ်မှုထမ်းအရွယ် လူငယ်များကို ဖမ်းဆီးပြီးနောက် သင်တန်းသို့ မပို့ဆောင်မီ မိသားစုဝင်များထံ ဆက်သွယ်ကာ ငွေကြေးပေး၍ ပြန်လည်ရွေးယူရန် တောင်းဆိုသည့် ဖြစ်စဉ်များလည်း ရှိနေသည်။

ဖမ်းဆီးခံရသူများ ပြန်လည်လွတ်မြောက်ရန် တစ်ဦးလျှင် ကျပ်သိန်း ၆၀ မှ ၁၀၀ ကျော်အထိ ပေးဆောင်နေရပြီး ငွေကြေးမပေးနိုင်သူများကိုမူ စစ်မှုထမ်း သင်တန်းကျောင်းများသို့ ပို့ဆောင်နေကြောင်း စစ်မှုထမ်းအရေး စောင့်ကြည့်လေ့လာသူများက ပြောသည်။